ဘရန့်ဖိုဒ့်ပွဲကြို ဒဏ်ရာ အခြေအနေတွေ၊ အလွန်ဆိုကို ထောက်ခံတဲ့ နည်းပြကလော့ပ်နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ဘရန့်ဖိုဒ့်ပွဲကို ဂိုးသမား အယ်လီဆန် ထပ်ပြီး လွဲချော်ပါမယ်။ သူဟာ လေ့ကျင့်ရေးမှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်။ ဘယ်လောက်ကြာမယ် မသိရသေးပါဘူး။

လူငယ်ဂိုးသမား ပီတာလူးဂါးဟာ အိုင်းရစ်ကလပ် St. Patrick Athletic FC အသင်းမှာ ပထမဆုံး ပွဲထွက်မှု ပြုလုပ်ခဲ့ပြီး clean sheet ပါ ရခဲ့ပါတယ်။

ဟာဗေးကို အရန်အဖြစ်ပဲ အမြဲတမ်း အသုံးပြုနေမှာ မဟုတ်ဘဲ ပွဲထွက်ကနေ အခွင့်အရေး ပါလာမယ့် အချိန် ရောက်လာမယ်လို့ ကလော့ပ်က အသိပေးပါတယ်။

မိုဆာလာဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှု မကောင်းသေးပေမယ့်လို့ ဘရန့်ဖိုဒ့်ပွဲမှာ ပါကောင်း ပါလာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့် အသင်းခေါင်းဆောင်ကတော့ ဒီကနေ့ည လီဗာပူးကို ရင်ဆိုင်ကစားမယ့် ပွဲစဉ်မှာ ရလဒ် တစ်ခုခု ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ထရန့်ကော ဆိုဘိုစလိုင်ပါ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားနိုင်တယ်လို့ သိထားရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ တူချယ်ကို ရာသီကုန်ရင် လမ်းခွဲသွားဖို့ ပြင်ဆင်နေပါပြီ။ ၎င်းတို့ကတော့ သူတို့အသင်း ကစားသမားဟောင်းလည်းဖြစ်တဲ့ အလွန်ဆိုကို လီဗာပူးနဲ့အပြိုင် ချဉ်းကပ်ဖို့ လျာထားပါတယ်။

လီဗာပူးအသင်းဟာ နည်းပြသစ်နဲ့ ကစားသမားသစ် ခေါ်ယူရေးတွေကို ပြင်ဆင်နိုင်ရေး ရာသီမကုန်ခင် အားကစားဒါရိုက်တာသစ် ခန့်အပ်နိုင်ဖို့ အရေးကြီးနေပေမယ့် အခုချိန်ထိ အဲ့လို လုပ်နိုင်မယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။

နည်းပြကလော့ပ်ကတော့ ဇာဗီ အလွန်ဆိုဟာ ထူးချွန်တဲ့ လူငယ်နည်းပြဖြစ်သလို မျိုးဆက်သစ် နည်းပြတွေထဲမှာ အလားအလာကောင်း ရှိသူလို့ မှတ်ချက်ပေးပါတယ်။