ဂျိုတာ၊ ကာတစ်ဂျုံး၊ ဒါဝင်တို့နဲ့ ပတ်သက်ပြီး သတင်းဆိုးကိုပဲ ပေးလာတဲ့ နည်းပြကလော့ပ်

လီဗာပူးအသင်းက ဘရန့်ဖိုဒ့်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ ပြိုင်ဘက်တွေထံက လူချ ကစားခံရမှုနဲ့အတူ ဒဏ်ရာတွေကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဂျုံးက ခြေကျင်းဝတ် ဒဏ်ရာဖြစ်ကာ ဂျိုတာကတော့ ဒူးဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဒါဝင်ကို လူစားလဲခဲ့တာကလည်း ဒဏ်ရာလို နာကျင်မှု တစ်ခုခု ခံစားခဲ့ရတာကြောင့်လို့ သိရပါတယ်။

ဒဏ်ရာ ကံဆိုးမှုတွေ ရှိနေသလား မေးခံရချိန်မှာ နည်းပြကလော့ပ်က

” သေချာတာပေါ့ဗျာ။ ကာတစ်ဂျုံး ကန်ခံရမှုဖြစ်ခဲ့သလို ဂျိုတာလည်း ပြိုင်ဘက်ထံက စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ ဒါဝင်ရဲ့ အခြေအနေက မသေချာပါဘူး။ သူ တစ်ခုခု ခံစားမိနေတယ်၊ နာကျင်မှု ခံစားရတာမျိုးပါ။

ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ကျနော်တို့အတွက် လွယ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ရမှတ် ၅၇ မှတ်ရထားတယ်၊ ရက်ပိုင်းအတွင်း ပွဲဆက်ကစားရပါမယ် ” လို့ ပြောပါတယ်။

ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ရဲ့ အခြေအနေအတွက် ပြောပြပေးဖို့ တောင်းဆိုခံရချိန်မှာ..

” ခံစားချက်တွေ ရောထွေးနေပါတယ်။ ကျနော်တို့ ကစားသမားတွေ ဆုံးရှုံးနေရတယ်။ ဘယ်လောက် ပြင်းထန်မလဲကို မသိရသေးဘူး။ ဂျိုတာကော ကာတစ်ဂျုံးပါ အခြေအနေ ကောင်းမနေပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဂျိုတာရဲ့ ဒဏ်ရာဟာ ACL လောက်ထိ မပြင်းထန်တဲ့ MCL ဒဏ်ရာဖြစ်မယ်လို့ မှတ်ချက်တွေရနေပါတယ်။ အဆိုပါ ဒဏ်ရာမျိုးဟာ ငယ်ရင် ၁-၂ သီတင်းပတ်နဲ့ ပြင်းထန်ရင် ၆-၁၀ သီတင်းပတ်လောက်ထိ အနားယူရနိုင်ပါတယ်။

TNT Sports ရဲ့ ဗီဒီယိုမှာတော့ ဂျိုတာကို ခြေအကာတွေ မပါဘဲ သူ့ဘာသာ လမ်းလျှောက်ကြည့်နေတာ မြင်ခဲ့ရတာမို့ ACL လောက်ထိ အရမ်းကြီး မပြင်းထန်ဖို့ မျှော်လင့်ရပါတယ်။ ဒါဝင်ကိုတော့ ကြိုတင်ပြင်ဆင်မှုအဖြစ် ခြေထောက်မှာ အထိန်းဖိနပ် ဝတ်ပေးထားသေးတာ ဖြစ်ပါတယ်။