ညာအစွန်မှာ ထရန့်ကို မသုံးတော့ဘဲ ဘရတ်ဒလေကိုပဲ နေရာပေးဖို့ တိုက်တွန်းလာကြတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးအသင်းမှာ ညာအစွန်လူ ထရန့် ဒဏ်ရာကြောင့် ပုံမှန်ပွဲကစားပေးနိုင်ခြင်း မရှိချိန်မှာပဲ လူငယ် ခံစစ်သမား ဘရတ်ဒလေဟာ နေရာတစ်နေရာ ရယူလာခဲ့ပါတယ်။

လီဗာပူးအတွက် ပွဲကစားပေးခွင့် အရမ်း မများသေးပေမယ့် ဘရတ်ဒလေအပေါ် ပရိသတ်တွေရဲ့ ချစ်ခင်မှုက အံ့ဩဖွယ်ကောင်းပါတယ်။ ဘောလုံးပွဲ ကြေညာသူတွေကဆိုရင် “အခုတလော သိပ်နာမည်ကြီးနေတဲ့ ကော်နာ ဘရတ်ဒလေ ဆိုတာ ဒီကောင်လေးပေါ့ ” ဆိုပြီးတောင် ထည့်ပြောလာရပါတယ်။

ထရန့်ရဲ့ ခံစစ်ပိုင်း အားနည်းမှုနဲ့ ကွင်းလယ်မှာဆိုရင် သူပိုပြီး ခြေစွမ်းပြနိုင်မယ်လို့ မြင်နေကြချိန်မှာ ညာခြမ်းအတွက် ဘရတ်ဒလေရဲ့ တိုက်စစ် ခံစစ် မျှတစွာ ကစားနိုင်ခြင်းက လီဗာပူးပရိသတ်တွေကို ဘဝင်ခိုက်လာစေတာ ဖြစ်ပါတယ်။

အခုဆိုရင် ထရန့် မရှိလို့ ဘရတ်ဒလေကို ညာအစွန်မှာ သုံးနေတာမျိုးလောက်တင် မဟုတ်ဘဲ ထရန့် ကြံ့ခိုင်နေရင်တောင် ဘရတ်ဒလေကို ညာအစွန်မှာ ဆက်သုံးဖို့ ထောက်ခံမှုတွေက မြင့်တက်လာနေပါတယ်။

ဇန်နဝါရီလအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမား ဆုရှင်နဲ့ ပတ်သက်လို့ လီဗာပူးပရိသတ်တွေရဲ့ တုန့်ပြန်မှုတွေကို လေ့လာကြည့်ရအောင်ပါ။

– ” ငါ ရိုးရိုးသားသားပဲ ပြောမယ် ဘော်ဒါတို့။ ညာခြမ်းမှာ ထရန့် ပွဲထွက်တာထက် ဘရတ်ဒလေနဲ့ဆိုရင် အသင်းက ပိုပြီးကောင်းတယ်။ ခံစစ်ဆို ပိုပြီး စိတ်ချရတယ်လို့ မြင်တယ်။ ထရန့်ကို အရန်ခုံမှာ ထားရအောင်ကလည်း သူက ကောင်းလွန်းနေပါတယ်။ ဒါပေမယ့် ညာခြမ်းအတွက် ဘရတ်ဒလေကိုပဲ သုံးသင့်နေပြီလို့ ငါတကယ်ကို ယုံကြည်ပါတယ်။ ”

– ” ညာခြမ်းမှာ ဘရတ်ဒလေကို ဦးစားပေးဖို့ကို ၁၀၀% ထောက်ခံတယ်ကွာ။ ထရန့်က ပိုကောင်းတဲ့ ဘောလုံးသမားပါ ဒါပေမယ့် ဘရတ်ဒလေက အသင်းကို ပိုပြီး ဟန်ချက်ညီစေတယ်။ သူကြောင့် တိုက်စစ်ကော ခံစစ်ပါ ပိုကောင်းကောင်း ကစားနိုင်တယ်။ ထရန့်ကတော့ အန်ဒို ဒါမှမဟုတ် မာကာနဲ့ ကွင်းလယ်မှာ တွဲကစားသင့်သူပါ။ ”

– ” ထရန့် တစ်ယောက်ထဲ နံပါတ် ၆ နေရာထားရမှာ ကြောက်မိပေမယ့် နံပါတ် ၈ နေရာမှာတော့ ဆိုဘို၊ မာကာ၊ ဂျုံးနဲ့ ရွေးချယ်စရာတွေမှ အများကြီးကွာ။ ထရန့် ပြန်သက်သာလာရင် တိုက်စစ်ပဲ ပိုလိုက်ခိုင်းတာ ကောင်းပါလိမ့်မယ်။ ”

– ” ထရန့်က သူ့မျိုးဆက်မှာ အကောင်းဆုံးတွေထဲက တစ်ဦးပါ။ ဘောလုံးကွင်းရဲ့ ဘယ်နေရာမဆို သူကစားနိုင်တယ်။ ဒီတော့ သူ့ကို ကွင်းလယ်ပိုပြီး ညာခြမ်းမှာ ဘရတ်ဒလေကိုပဲ ထားလိုက်တာက ပိုကောင်းပါလိမ့်မယ်။ ”

စသဖြင့် မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။