ကလော့ပ် လက်သစ် ရှာဖွေမှာ မဟုတ်ခြင်း၊ ဂျိုတာ၊ ဂျုံး၊ အယ်လီဆန်တို့ ဖိုင်နယ်ပွဲ လွဲမည် စတဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ကြားရက် လူတန်တောင်းပွဲနဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲတွေကို ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ လွဲချော်ပါမယ်။ ဘယ်လောက် ဆက်လွဲမလဲကတော့ သူတို့ ဒဏ်ရာတွေ ယောင်ရမ်းမှု ကျဆင်းသွားမှ သေချာသိရပါမယ်။

အယ်လီဆန်ဟာ မတ်လ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်တော့ အသင်းအတွက် ပြန်ပြီး ပွဲထွက်ပေးနိုင်ပါမယ်။ သူလည်း ဒီလထဲ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကို လွဲချော်သွားပါမယ်။

သီယေဂိုဟာ ရာသီကုန်ထိတော့ ဆက်လက် အနားယူရမှာ မဟုတ်ပေမယ့် သီတင်းပတ် အနည်းငယ်ကြာ ဆက်လက် အနားယူရပါဦးမယ်။

အီဂျစ်သတင်းတွေကို ကိုးကားပြီး မိုဆာလာ ဒဏ်ရာပြန်ရနေကြောင်း ဖော်ပြမှုတွေ ရှိပေမယ့် အသင်းသတင်းထောက်တွေဖြစ်တဲ့ Chris Bascombe နဲ့ Paul Joyce တို့ကတော့ ဂျိုတာ၊ ဂျုံး၊ အယ်လီဆန်တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကိုပဲ ပြောပြလာပါတယ်။

မန်စီးတီးကွင်းလယ်လူ ရိုဒရီကတော့ ရာသီမကုန်ခင်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့လည်း ရှုံးပွဲတွေ ရင်ဆိုင်ရဦးမှာပါလို့ သတိပေးလာပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ် လက်သစ်ဆိုတာမျိုးကို ရှာဖွေမှာ မဟုတ်ပါဘူး။ အသင်း၊ ပရိသတ်နဲ့ ကစားသမားတွေကို စုစည်းပေးနိုင်မယ့် မျိုးဆက်သစ် နည်းပြတစ်ဦးနဲ့ ခေတ်သစ်တစ်ခုကို ဆက်လက် တည်ဆောက်ဖို့ကိုပဲ ရည်မှန်းနေတာပါ။

လေဗာကူဆင်ကို လေးစားသမုရှိပေမယ့်လို့ လီဗာပူးအသင်းဟာ မန်နေဂျာသစ် နေရာအတွက် အလွန်ဆိုကိုပဲ ၁၀၀% ကြိုးစားလိမ့်မယ်လို့ ရိုမန်နိုက ပြောပါတယ်။

ကာရာဘောင်းဖိုင်နယ်မှာ လီဗာပူးကစားကွက်ဟာ ချယ်ဆီးတို့ ကောင်တာ ပြန်ကစားဖို့ အံဝင်လိမ့်မယ်လို့ ဂယ်ရီနဗီးက သုံးသပ်ပါတယ်။

လီဗာပူးအသင်းဟာ နွေစျေးကွက်ကျရင် Palmeiras အသင်း တောင်ပံသမား Luis Guilherme ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် ၁၈ နှစ်အရွယ် တောင်ပံသမားဟာ အမ်ဘာပေ လက်သစ်ဖြစ်လာမယ် ညွှန်းဆိုခံနေရသူပါ။