ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဖိုင်နယ်မှာတော့ အယ်လီဆန်၊ ကာတစ်ဂျုံး၊ ဂျိုတာတို့ ၃ ဦးဟာ သေချာပေါက် လွဲချော်မယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ထုတ်ပြန်လာပါတယ်။
ဘရန့်ဖိုဒ့်ပွဲမှာ အသင်းသား ၂ ဦး ဒဏ်ရာရတဲ့နောက် လီဗာပူးအသင်းမှာ ဒဏ်ရာ ပြဿနာ ထိုးနှက်ချက်တွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပါပြီ။ အချို့ကစားသမားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကာ လွဲချော်မယ့် ကစားသမားတွေရဲ့ နာမည်တွေတော့ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
Telegraph မှ လီဗာပူးသတင်းထောက် Chris Bascombe ကတော့ ဂျုံးနဲ့ ဂျိုတာတို့ ကာရာဘောင်းဖိုင်နယ်ပွဲထိ သေချာပေါက် လွဲချော်မှာဖြစ်ပေမယ့် ဘယ်လောက်ကြာကြာ နားရမလဲ အသေးစိတ် အခြေအနေကို သိနိုင်ဖို့ကတော့ နောက်ဆက်တွဲ စစ်ဆေး အခြေအနေတွေကို စောင့်နေရတယ်လို့ ဆိုပါတယ်။
ဂျိုတာရဲ့ ဒဏ်ရာကတော့ ပိုပြင်းထန်ပြီး ၂ လ ဝန်းကျင်နားရနိုင်ကြောင်း ပေါ်တူဂီသတင်းတွေက ဖော်ပြထားတယ်။ ကာရာဘောင်းဖိုင်နယ်ပွဲ လွဲမယ့် ကစားသမားများ စာရင်းမှာ အယ်လီဆန်လည်း ပါဝင်သွားမှာပါ။
Times ရဲ့ သတင်းထောက် Paul Joyce ကတော့ အယ်လီဆန်ဟာ လာမယ့် ၆ ပွဲထိ လွဲချော်ဖွယ်ရှိနေပြီး မတ်လ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးပွဲ မတိုင်ခင် ပါဝင်နိုင်ဖို့ကတော့ အချိန်လုရလိမ့်မယ်လို့ ဆိုပါတယ်။
ဒူးဒဏ်ရာရနေတဲ့ ထရန့်နဲ့ တံကောက်ကြော ဒဏ်ရာရနေတဲ့ ဆိုဘိုစလိုင်တို့ကတော့ ဖိုင်နယ်ပွဲကို လွဲချော်ဖွယ်ရှိနေဆဲ ဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူ ဘရန့်ဖိုဒ့်ပွဲမှာ ကြံ့ခိုင်မှုပိုင်း ထိခိုက်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ ဒါဝင်နဲ့ ဆာလာ အခြေအနေကိုလည်း မသိရသေးပါဘူး။
နည်းပြကလော့ပ်ဟာ ဒီကြားရက် လူတန်တောင်းပွဲမှာ ဂက်ပို၊ ဒီယက်စ်နဲ့ ဟာဗေး တိုက်စစ်အတွဲကို ထုတ်သုံးဖွယ်ရှိပြီး ကွင်းလယ်မှာတော့ အန်ဒို၊ မာကာတို့ကို ဂရာဗင်ဘက်ချ်နဲ့ တွဲဘက်ပေးဖွယ် ရှိနေပါတယ်။