

လီဗာပူးအသင်း အကြီးအကဲတွေဟာ အားကစားဒါရိုက်တာ ရာထူးအတွက် လူသစ် ရှာဖွေရာမှာ အီတလီနဲ့ ပြင်သစ်တို့မှ စိတ်ဝင်စားဖွယ် ပုဂ္ဂိုလ်နှစ်ဦးကို သဘောကျမှု ပြသလာနေပါတယ်။
ယာဂင်ကလော့ပ်နဲ့အတူ အလုပ်တွဲလုပ်ခဲ့တဲ့ မိုက်ကယ် အတ်ဝပ်၊ ဂျူလီယန်ဝတ်နဲ့ ဂျော့ရှမတ်ကီတို့ရဲ့ ခေတ်ဟာ ကုန်ဆုံးခဲ့ပါပြီ။ လာမယ့်ရာသီမှာ မန်နေဂျာသစ်၊ အားကစားဒါရိုက်တာသစ်တို့က လီဗာပူးအသင်းထံ ဝင်ရောက်လာမှာပါ။
လီဗာပူးအသင်း မန်နေဂျာ ဘယ်သူဖြစ်လာသင့်သလဲ အကဲဖြတ်မှုကို အကူအညီပေးဖို့ အပြင် မန်နေဂျာကို အထောက်အပံ့ကြီး ပေးဖို့အတွက်ပါ အားကစားဒါရိုက်တာသစ်က တာဝန်ယူရမှာပါ။
The Athletic သတင်းထောက် Simon Hughes ရဲ့ အဆိုအရ လီဗာပူးအသင်းဟာ ရိုးမား၊ အေစီမီလန် ဒါရိုက်တာဟောင်း Frederic Massara နဲ့ ပြင်သစ်ကလပ် နိုက်အသင်း ဒါရိုက်တာ Florent Ghisolfi တို့ကို သဘောကျနေတယ်လို့ သိရပါတယ်။
Massara ဟာ ရိုးမားအသင်းမှာတုန်းက အယ်လီဆန်နဲ့ ဆာလာတို့ကို ရှာဖွေ ခေါ်ယူမှုမှာ အရေးပါခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အေစီမီလန်ကို ပြောင်းခဲ့တဲ့နောက် ၂၀၂၂ ခုနှစ်မှာ Director of the Year by Globe Soccer ကို ရခဲ့တဲ့ထိ ထူးချွန်ခဲ့ပါတယ်။
သူ့လက်ထက်မှာ အေစီမီလန်ဟာ လီယာအို၊ တိုနယ်လီ၊ တိုမိုရီ၊ လူးကပ် ပါကွီတာနဲ့ သီယို ဟာနန်ဒက်စ်လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ လီဗာပူးပိုင်ရှင်အဖွဲ့ FSG ရဲ့ ပူးတွဲရှယ်ယာရှင် RedBird Capital လက်ထက်မှာ မာဒီနီနဲ့တကွ အကြီးအကဲ အချို့ကို ရှင်းထုတ်မှုအတွင်း Massara ကလည်း ပါဝင်သွားခဲ့ပါတယ်။
နိုက်အသင်းမှ Florent Ghisolfi ကို အေစီမီလန် ပိုင်ရှင်တွေဖြစ်တဲ့ RedBird Capital ကလည်း သဘောကျပါတယ်။ ဒါပေမယ့် လက်ရှိ ယူနိုက်တက်အသင်း ပူးတွဲရှယ်ယာရှင် ဆာဂျင်ရက်ကလစ်က ပြင်သစ်ကလပ်မှာ ဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ Ghisolfi ကို လုံးဝ လက်လွတ်မခံလိုပါဘူး။
လီဗာပူးဒေတာအဖွဲ့ဟာ အနာဂတ် အားကစားဒါရိုက်တာလောင်းကို အကဲဖြတ်မှု လုပ်နေသလို မန်နေဂျာသစ်အတွက်လည်း စာရင်းတစ်ခုကို စီစဉ်ပေးနေတာပဲ ဖြစ်ပါတယ်။