NEWS: ဘိုင်ယန်မြူးနစ် နည်းပြရာထူးကို လက်ခံသွားမှာ မဟုတ်တဲ့ နည်းပြကလော့ပ်

ဒီရာသီ ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ရာသီကုန်မှာ နည်းပြသောမက်စ် တူချယ်နဲ့ လမ်းခွဲဖို့ နှစ်ဘက် သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။

နွေမှာ နည်းပြသစ် ခန့်အပ်သွားမယ့် ဘိုင်ယန်ဟာ လေဗာကူဆင်နည်းပြ အလွန်ဆိုအပြင် လီဗာပူးကနေ ထွက်ခွာမယ့် ယာဂင်ကလော့ပ်ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်လာခဲ့တာပါ။

ဂျာမာန်သား နည်းပြကြီးရဲ့ အေးဂျင့်ဖြစ်သူ Marc Kosicke ကတော့ ကလော့ပ်ဟာ ဘိုင်ယန်ကို သွားမှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။

“ ကလော့ပ်က ဒီရာသီကုန်ရင် ၁ နှစ် အနားယူမှာဖြစ်ပါတယ်။ ဘယ်ကလပ်ကိုမှ ကိုင်တွယ်မှာ မဟုတ်သလို လက်ရွေးစင်နည်းပြ ရာထူးကိုလည်း ရယူသွားမှာ မဟုတ်ပါဘူး ” လို့ အေးဂျင့်ဖြစ်သူက Sky Sport Germany ကို ဖြေကြားပေးသွားပါတယ်။

ကလော့ပ်က ဘာအကြောင်းနဲ့မှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်မှ မဟုတ်ကြောင်းလည်း အေးဂျင့် Marc Kosicke က ပြောဆိုသွားပါတယ်။

အလွန်ဆိုကို နည်းပြသစ်အဖြစ် ခေါ်ယူဖို့ လီဗာပူးအပြင် ဘိုင်ယန်မြူးနစ်လည်း စိတ်ဝင်စားနေတာပါ။ လီဗာပူး ပစ်မှတ်ထဲ ပါဝင်နေတဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီကိုတော့ လာလီဂါကလပ် ဘာစီလိုနာကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။