အန်ဖီးကွင်းမှာ လီဗာပူးကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီး ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့နောက် လူတန်တောင်းနည်းပြက မယုံနိုင်စရာ အားပေးမှု၊ အသက်ရှုကြပ်လောက်တဲ့ ဖိအားပေး ကစားဟန် စတဲ့ စကားလုံးတွေဖြင့် ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။
အန်ဖီးကွင်းဟာ တန်းဆင်းဇုန်က ကလပ်တွေကို ရင်ဆိုင်ရာမှာ ဒီလောက်ထိ ပြင်းပြ ထက်သန်တာမျိုး မြင်ရလေ့ မရှိပါဘူး။ ဒါပေမယ့် ပထမပိုင်း ၄၅ မိနစ်လုံး နောက်ကနေ လိုက်ကစားနေရတာဟာ ပရိသတ်တွေရဲ့ နိုင်လိုစိတ်ကို သွားဆွသလိုဖြစ်ခဲ့တာပါ။
ပွဲအပြီးမှာ လူတန်နည်းပြက လီဗာပူးပရိသတ်တွေရဲ့ သွင်းဂိုးပြန်ရဖို့ ပြင်းထန်စွာ လုံ့ဆော်မှုဟာ သူတို့ကို ကိုင်တွယ်ရခက်ခဲစေကြောင်း ဝန်ခံပါတယ်။
“ ကျနော်တို့ ကစားသမားတွေအတွက် ပွဲကို အာရုံစိုက်ဖို့က အရမ်းခက်ခဲသွားစေတယ်။ အန်ဖီးကွင်း ဒေါသထွက်အောင် ကျနော်တို့ သွားဆွခဲ့မိတယ် မဟုတ်လား? ” လို့ အရွှန်းဖောက်ကာ ဦးဆောင်ဂိုး အရင် သွင်းခဲ့မိခြင်းဟာ အမှားဖြစ်စေခဲ့ကြောင်း မှတ်ချက်ပေးပါတယ်။
Came for @LuisFDiaz19's goal…stayed for his dad celebrating it in the same short sleeve and gloves combination ❤️ pic.twitter.com/liKYSNk0wg
— Liverpool FC (@LFC) February 22, 2024
လူတန်တောင်းနည်းပြက ဆက်ပြောရာမှာ “ ဒုတိယပိုင်းမှာ အန်းဖီးကွင်းဘာလဲ၊ လီဗာပူးအသင်း ဘာလဲဆိုတာကို ကျနော်တို့ မြင်ခဲရပါတယ်။ သူတို့ ပါဝါအပြည့်နဲ့ ဘောလုံးကစားခဲ့တယ်။ သူတို့ရဲ့ ကောင်တာ-ဖိအားပေးက မယုံနိုင်စရာပဲ။ ကျနော်တို့ အသက်ရှုပါကြပ်ခဲ့ရတယ်။
သူတို့ပရိသတ်တွေကလည်း အံ့မခန်းပါပဲ။ ပထမပိုင်းတုန်းကလို ဆက်ကစားဖို့ ကျနော်တို့ အာရုံစိုက်ဖို့ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ နာကျင်ခံစားရအောင် သူတို့ လုပ်ခဲ့ကြတာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီနိုင်ပွဲအပြီး လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ရမှတ်တွေ ပိုဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။