လူတန်တောင်းနဲ့ပွဲမှာ တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ ဒါဝင်တို့ဟာ ပွဲနေ့ လူစာရင်းမှာပါ မပါဝင်ခဲ့ကြပါဘူး။ နှစ်ဦးလုံးဟာ ကြွက်သား ဒဏ်ရာတွေရှိနေကြတာဖြစ်ကာ လူတန်ပွဲအတွက် ကြံ့ခိုင်မှု မပြည့်ဘူးဆိုတာကို ပွဲကြိုမှာတည်းက သိထားခဲ့ကြပြီး ဖြစ်ပါတယ်။
သူတို့နေရာ အစားဝင်ခဲ့တဲ့ ဟာဗေးနဲ့ ဂက်ပိုတို့ဟာ သွင်းဂိုး ကိုယ်စီ ရခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ ဝင်ဘာလေမှာ ချယ်ဆီးအသင်းနဲ့ ကာရာဘောင်းဖလား ယှဉ်ပြိုင်ရဖို့ ရှိနေကာ ဆာလာနဲ့ ဒါဝင်တို့ ပါဝင်နိုင်မလား မသေချာသေးပါဘူး။
“ သူတို့တွေ (ဒဏ်ရာရနေသူတွေ) ဒီညပွဲမှာ မကစားနိုင်ပါဘူး။ တနင်္ဂနွေနေ့ပွဲမှာ ဘယ်သူ ပြန်ပြီး ပါနိုင်မလဲ ကြည့်ရပါမယ်။ ဒါပေမယ့် အခုချိန်ခါမှာ အဲ့တာက အရေးကြီး ကိစ္စ မဟုတ်သေးပါဘူး ” လို့ ပွဲနေ့အတွင်း စကိုင်းစပေါ့နဲ့ တွေ့ဆုံမှုမှာ ကလော့ပ်က ဖြေဆိုပါတယ်။
ဒါဝင်နဲ့ ဆာလာအပြင် အယ်လီဆန်၊ ထရန့်၊ သီယေဂို၊ ကာတစ်ဂျုံး၊ ဆိုဘိုစလိုင်၊ ဂျိုတာတို့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရကာ ဖိုင်နယ်ပွဲမှာ သူတို့ထဲက အချို့ ပြန်သက်သာလာဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။