

ဒီနွေမှာ လီဗာပူးအသင်းကနေ ယာဂင်ကလော့ပ် ထွက်ခွာမယ့် ကိစ္စဟာ အသင်းအတွက် အထိနာတဲ့ သတင်းဆိုးဖြစ်သလို ပြိုင်ဘက်တွေအတွက်တော့ သတင်းကောင်း တစ်ခုလည်း ဖြစ်လာပါတယ်။
ဒီလထဲမှာပဲ အဓိက ရှယ်ယာရှင်တစ်ဦးအဖြစ် ဆာဂျင်ရက်ကလစ်ကို ဘုတ်အဖွဲ့ထဲ ထည့်နိုင်ခဲ့ပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အတွက်ကတော့ ကလော့ပ် မရှိတော့ချိန်မှာ လီဗာပူးကို ကျော်တက်နိုင်မယ်လို့ ယုံကြည်ချက်တွေ ပြင်းထန်နေပါတယ်။
ဆာဂျင်ရက်ကလစ်က ယူနိုက်တက် ပရော်ဂျက်တစ်ခုကို ရေးဆွဲနေပြီး ၃ နှစ်အတွင်း မန်ချက်စတာကလပ်ကို အင်္ဂလန်ရဲ့ ထိပ်ဆုံးတွေထဲ ပြန်ရောက်လာစေဖို့နဲ့ သူတို့ရှေ့မှာ ပိတ်ကာနေတဲ့ လီဗာပူးကို ရှင်းထုတ်ဖို့တွေ ရည်ရွယ်လာပါတယ်။
ရက်ကလစ်ကိုယ်တိုင်ကပဲ ” ကျနော်တို့ရဲ့ နားငြီးတဲ့ အိမ်နီးနားချင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးအသင်းတွေထံက သင်ယူရမှာပါ။ သူတို့က ကျနော်တို့ရဲ့ ရန်သူတော်တွေဖြစ်သလို ရှင်းထုတ်ရမယ့် ပြိုင်ဘက်တွေဖြစ်ပါတယ်။
ကျနော်တို့တွေက အင်္ဂလန်မြောက်ပိုင်းရဲ့ ထိပ်တန်း ၃ သင်းဖြစ်ပြီး လက်တလောမှာတော့ သူတို့ နှစ်သင်း (လီဗာပူး၊ မန်စီးတီး) က ဆုဖလား စိန်ခေါ်မှုမှာ ကျနော်တို့ထက် နည်းနည်းလေး ပိုသာနေပါတယ်။
သူတို့ကို ဖယ်ရှားပြီး ယူနိုက်တက်ကို ပိုကောင်းတဲ့ နေရာတွေထံ ရောက်အောင် ပို့ဆောင်ရမှာက ကျနော်တို့ သိပ်လုပ်လိုတဲ့ ကိစ္စပါပဲ ” လို့ ပြောဆိုပါတယ်။
သရဲနီကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်ကဆိုရင် ” နောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို အောင်မြင်သွားနိုင်ပါတယ်။ ကျနော် တကယ်ပြောနေတာပါ။
လီဗာပူးကနေ ကလော့ပ် ထွက်တော့မှာပါ၊ အာဆင်နယ်ကလည်း အသုံးစရိတ် မထုတ်နိုင်တော့ပါဘူး။ ကျနော်တို့ စောင့်ကြည့်ရမှာ မန်စီးတီးပဲ ရှိပါတယ် ” ဆိုတဲ့ထိ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။