လီဗာပူးပရိသတ်တွေအတွက် သတင်းကောင်း တစ်ခုကို ဝေမျှလာတဲ့ ဂျာမာန်သတင်းထောက်

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှုကို နောက်ကွယ်မှာ ကြိုးစားနေကာ အရှိန်ရလာခဲ့ပြီဖြစ်ပါတယ်။

ဒေတာသုတေသန ဒါရိုက်တာ William Spearman နဲ့ FSG ဥက္ကဋ္ဌ Mike Gordon တို့ဟာ နည်းပြသစ် ခန့်အပ်ရေးအတွက် အလားအလာရှိသူတွေကို ရှာဖွေပြီး စာရင်းတစ်ခု လုပ်ထားကြတာပါ။

သူတို့ထဲမှာ အလွန်ဆိုက ထိပ်ဆုံးမှာရှိနေကာ ဘရိုက်တန်မှ ဒီဇာဘီနဲ့ စပို့တင်းမှ အာမိုရင်းတို့လည်း ပါဝင်လာကြပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း တူချယ်ကို နွေမှာ ရာထူးကနေ ထုတ်ပယ်ပြီးရင် နည်းပြသစ် ခန့်အပ်ဖို့ရာ အလွန်ဆိုကို လျာထားခြင်းကြောင့် လီဗာပူးနဲ့အပြိုင် ဖြစ်လာခဲ့ပါတယ်။

Sky Germany ရဲ့ ဂျာမာန်သား သတင်းထောက် Florian Plettenberg ကတော့ လီဗာပူးအသင်းကော ဘိုင်ယန်မြူးနစ်အသင်းပါ အလွန်ဆိုထံ ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီလို့ ဖော်ပြလာပါတယ်။

အလွန်ဆိုရဲ့ အေးဂျင့်ဟာ ကလပ်နှစ်သင်းထံက ကမ်းလှမ်းမှုကို ရခဲ့ကြောင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ကတော့ “အရမ်းကို ခက်ခဲပါတယ်” လို့ ညွှန်းဆိုခဲ့ပါတယ်။

ဂျာမာန် kicker ရဲ့ သတင်းထောက် Georg Holzner ကလည်း လီဗာပူးအသင်းဟာ အလွန်ဆိုကို ခေါ်ယူရေး ဆွေးနွေးမှု တိုးတက်တဲ့ အဆင့်တွေထံ ရောက်ရှိသွားခဲ့ပြီလို့ ဖော်ပြခဲ့တယ်။

Georg Holzner ကပဲ လက်တလောမှာတော့ လေဗာကူဆင်မှာ အလွန်ဆို တစ်ရာသီ ဆက်နေတာမျိုး ဖြစ်မလာဘူးလို့ ယတိပြတ် မပြောနိုင်သေးကြောင်းပါ အသိပေးခဲ့ပါသေးတယ်။

လီဗာပူးအသင်းဟာ မန်နေဂျာသစ် နေရာအတွက် ကလပ်ကစားသမားဟောင်းဖြစ်တဲ့ အလွန်ဆိုကို ဦးတည် ကြိုးစားနေဟန်ရှိကာ အဆင်မပြေခဲ့ရင်တော့ ဘရိုက်တန်နည်းပြ ဒီဇာဘီကို ဦးစားပေးဖွယ် ရှိနေပါတယ်။