ကလော့ပ်အတွက် အားထုတ်မယ်ဆိုတဲ့ ဝါတာရု၊ ယူရိုပါလိဂ် ပြိုင်ဘက်တွေ ထွက်ပေါ်လာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ကွင်းလယ်လူ ဝါတာရုကတော့ ကလော့ပ် ထွက်ခွာတော့မှာကို ကြားသိရတာ အရမ်း ဝမ်းနည်းမိတယ်လို့ ထုတ်ပြောပါတယ်။ သူကတော့ နည်းပြကို ဆုဖလားတွေနဲ့ နှုတ်ဆက်လိုတာကြောင့် ကြိုးစားမယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို မခေါ်ယူခင် တိုက်စစ်ပိုင်း အားဖြည့်ဖို့ ဒါဝင် နူးညက်စ်ကို အတော်လေး သဘောကျခဲ့ပေမယ့် ကွင်းလယ်ကို ဦးစားပေးလိုခဲ့ပါတယ်။

ရာသီစတုန်းက ဒါဝင်ကို ခေါ်ယူဖို့ ချယ်ဆီးတို့ စိတ်ဝင်စားခဲ့တာက သတင်းမှန်ဖြစ်ပါတယ်။ ချယ်ဆီးဟာ ရိုမီယိုနဲ့ ကိုင်ဆီဒိုတို့ကို ခေါ်ယူရေး အားထည့်ခဲ့ရတာကြောင့် ဒါဝင်ဘက် မလှည့်နိုင်ခဲ့တာပါ။

ဂန်းနားဟောင်း ပေါမာဆန်ကတော့ ဝင်ဘာလေမှာ လီဗာပူးကို ချယ်ဆီးအသင်းက ဖြိုခွင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဂျေဒန် ဒန့်စ်ဟာ ဒီရာသီမှာ စီနီယာအသင်းအတွက် ပွဲကစားပေးခွင့်ရတဲ့ ၁၅ ဦးမြောက် အကယ်ဒမီ အသင်းသားဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်း ဆက်တိုက် ပြုပြင်လာခဲ့တဲ့ လီဗာပူး အကယ်ဒမီဟာ လည်ပတ်မှု ကောင်းမွန်လာနေပါပြီ။

ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ လီဗာပူးအသင်း ရင်ဆိုင်ရနိုင်တဲ့ ကလပ် ၈ သင်း နာမည်တွေ ထွက်ပေါ်လာပါပြီ။ ကွာရာဘတ်၊ အေစီမီလန်၊ ဖရန့်ဘတ်၊ ဘင်ဖီကာ၊ မာဆေး၊ ရိုးမား၊ စပါတာနဲ့ စပို့တင်းတို့ဖြစ်ပါတယ်။

ဂျာမာန်သတင်းထောက်တွေကတော့ လီဗာပူးဟာ အလွန်ဆိုနဲ့ စကားပြောမှု တိုးတက်တဲ့ အခြေအနေမျိုး ရှိနေပြီလို့ ဆိုပါတယ်။ စပိန်သားကတော့ လေဗာကူဆင်အတွက် အာရုံစိုက်နေကြောင်းပဲ ဖြေဆိုပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်သမား သောမက်စ် မူလာက သူအနေနဲ့ ကစားသမားအဖြစ် ကစားပေးရမယ်ဆိုရင် စီးတီးအတွက် ကစားပေးလိုပြီး ပရိသတ်တစ်ယောက် အဖြစ် အားပေးခွင့်ရမယ်ဆိုရင်တော့ အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အားပေးလိုတယ်လို့ ပြောပါတယ်။