လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာသစ်ကို လာမယ့် ၅ ပတ်အတွင်း အတည်ပြု ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါရာထူးအတွက် စိတ်ကြိုက် လူစာရင်းတစ်ခုကို လီဗာပူးအသင်းဘက်က ရွေးချယ်ထားပြီဖြစ်ကာ ဘယ်သူ့ကို ချိတ်ဆက် ကြိုးစားမလဲကိုတော့ မတ်လအကုန်မှာ ရွေးချယ်သွားမှာဖြစ်ကြောင်း The Athletic သတင်းထောက် David Ornstein က အတည်ပြုပါတယ်။
” လီဗာပူးအသင်းနဲ့ FSG တို့ဟာ သူတို့စိတ်ကြိုက် အားကစားဒါရိုက်တာကို မတ်လအကုန်မှာ ရွေးချယ်ပါမယ်။ သူကပဲ လီဗာပူးမန်နေဂျာ ဒါမှမဟုတ် နည်းပြချုပ် ရှာဖွေရေးကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
နောက်ကွယ်မှာ ကြိုးစားမှုတွေ ရှိနေပြီလို့ ကျနော် ပြောနိုင်ပါတယ်။ လီဗာပူးအသင်းဟာ ရိုးမား၊ အေစီမီလန် ဒါရိုက်တာဟောင်း Frederic Massara နဲ့ ပြင်သစ်ကလပ် နိုက်အသင်း ဒါရိုက်တာ Florent Ghisolfi တို့ကို သဘောကျနေပါတယ်။
ဒေ့ဗ်ဖော်လိုးနဲ့ ဘယ်ရီဟန်သာတို့လို အရည်အချင်းမြင့်မားတဲ့ ဝန်ထမ်းတွေကိုလည်း သဘောကျပေမယ့်လို့ ချိန်သားကိုက်မှုကပဲ အဓိကကျလာမယ် ထင်ပါတယ် ” လို့ Ornstein က ဖော်ပြသွားပါတယ်။
ဂျော့ရှမတ်ကီနဲ့ အစားဝင်လာမယ့် အားကစားဒါရိုက်တာသစ်ဟာ ယာဂင်ကလော့ပ်နေရာ ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတဲ့ ကိစ္စကြီးကို တာဝန်ယူ ရွေးချယ်ပေးရမှာပါ။ ၎င်းကပဲ ရွေးချယ်ခံ နည်းပြကို လီဗာပူးထံ ရောက်လာဖို့လည်း ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။
အားကစားဒါရိုက်တာသစ်နဲ့ မန်နေဂျာသစ် ခန့်အပ်ရေး ကိစ္စတွေကို ဇွန် သို့မဟုတ် ဇူလိုင်လမှာတင် အပြီးသတ်ရမယ်လို့ ခန့်မှန်းထားပါတယ်။