လီဗာပူး ၁-၀ ဘရန့်ဖိုဒ့်ပွဲမှာ ထရန့်ရဲ့ မှတ်တမ်းသစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး လက်ရှိ အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းလယ်လူက သူဖြစ်တယ်လို့ သက်သေထူလာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီမှာ ကွင်းလယ် ပြဿနာအပြင် ခံစစ်ကြောင်း ကျစ်လစ်မှု နည်းပါးခြင်းနဲ့အတူ ဇယားအလယ်ထိ ကျဆင်းခဲ့ပြီး နောက်ဆုံး ၆ ပွဲဆက် ပြန်နိုင်ခဲ့လို့ အဆင့် ၅ နေရာ ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတွေမှာတော့ ထရန့်က ကွင်းလယ်လူအဖြစ် ပြောင်းကစားခဲ့တာပါ။
စနစ်သစ်ဖြစ်တဲ့ ကွင်းလယ်နဲ့ ညာအစွန်နေရာ တွဲကစားပြီးတည်းက ထရန့်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှု ၆ ကြိမ်ထိ လုပ်ထားနိုင်ပါတယ်။
စကိုင်းစပေါ့က ဖော်ပြလာတဲ့ မှတ်တမ်းတွေအရ ဒီကာလအတွင်း ထရန့်ဟာ အခွင့်အရေး ဖန်တီးမှု၊ ပြိုင်ဘက် ဧရိယာအတွင်း ဘောလုံးပေးမှု၊ ပင်နယ်တီ ဧရိယာအတွင်း ဝင်ရောက်မှု၊ ပိုင်ဆိုင်မှုပိုင်း အနိုင်ရမှု၊ ဘောလုံးထိချက် အားလုံးမှာ ပရီးမီးယားလိဂ်က ဘယ်ကစားသမားထက် မဆို သာလွန်တဲ့ အမြင့်ဆုံး မှတ်တမ်းကို ရရှိလာခဲ့ပါတယ်။
ထရန့်ကို အမြဲတမ်း ကွင်းလယ်လူအဖြစ် အသုံးပြုဖို့ တိုက်တွန်းချက်တွေအတွက် ကလော့ပ်ကတော့ “ ကျနော်လည်း စဉ်းစားနေပါတယ်။ ကာလရှည်အတွက် ကျနော်တို့ ဘာလုပ်နိုင်လဲ ကြည့်ရပါမယ်။ ဒီနွေမှာ ဘယ်လို ကစားသမားတွေကို ခေါ်ယူလာနိုင်မလဲနဲ့ ဘယ်နေရာတွေမှာ ကစားနိုင်းမလဲ အပေါ် မူတည်ပါတယ်။
ထရန့်က ဒီနေရာမှာ အံဝင်နေတာ သိသာပါတယ်။ ဒါဝင်အတွက် သူဖန်တီးပေးတဲ့ အခွင့်အရေးက သိပ်ကောင်းပါတယ်။ နေရာသစ်မှာ ထရန့်က သိပ်ကောင်းကောင်း ဘောလုံးကစားနေသလို ခံစစ် ကာကွယ်မှုတွေမှာပါ သန်မာလွန်းပါတယ် ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။