ဝေဖန်တာတွေရော သူပုံစံ အတုခိုးပြီး အာတီတာ အောင်ပွဲခံတာကိုပါ ဂရုမစိုက်ဘူးလို့ ကလော့ပ် တုန့်ပြန်

ကလော့ပ်ကတော့ ပွဲအပြီး သူ့ရဲ့ အောင်ပွဲခံမှုတွေကို လာပြီး ဝေဖန်မယ်ဆိုရင် “​ေ-ာက်ဂရုစိုက်နေမှာ မဟုတ်ဘူး” လို့ ခပ်ကြမ်းကြမ်း ပြောဆိုခဲ့သလို သူနဲ့ ပရိသတ်တွေ ကျေနပ်နေဖို့ပဲလိုတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးတဲ့ပွဲမှာ အာတီတာက အလွန်အကျူး အောင်ပွဲခံခဲ့တယ်လို့ အင်္ဂလန်ဘောလုံး သုံးသပ်သူတွေက ဝေဖန်ခဲ့သလို ကလော့ပ် ပုံစံ လက်သီးထိုး အောင်ပွဲခံခြင်းဟာ ပြိုင်ဘက်ကို လေးစားမှု ကင်းမဲ့တာအဖြစ်လည်း ဝေဖန်ခံခဲ့ရတာပါ။

ဒါပေမယ့် လူတန်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကလော့ပ် ကိုယ်တိုင်က လက်သီးထိုးပြီး အောင်ပွဲခံမှုကို ပွဲကြည့်စင် လေးခုလုံးအတွက် လုပ်ပေးခဲ့ချိန်မှာတော့ တူညီတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ကတော့ သူကြိုက်တာ သူလုပ်မှာဖြစ်ပြီး လီဗာပူးအသိုင်းအဝိုင်းက မဟုတ်တဲ့ ဝေဖန်သူတွ ဘာပြောတယ်ဆိုတာ ဂရုစိုက်နေမယ့်သူ မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။

ကလော့ပ်က ပြောရာမှာ ” တခါတလေမှာ ကျနော်က ကြိုတင် ပလန်ချထားတာတွေ မဟုတ်ဘဲ စိတ်ထဲရှိတာ လုပ်တတ်ပါတယ်။ လူတန်ပွဲမှာ ပထမပိုင်း အခြေအနေနဲ့ ဒုတိယပိုင်း အခြေအနေတွေက ပြောင်းလဲသွားတယ်။ အဲ့ပွဲကို ကျနော် သိပ်ပျော်မိတယ်။

သိပ်ကောင်းတဲ့အားပေးမှုနဲ့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော် အောင်ပွဲခံတာပါ။ ကျနော်ရဲ့ အောင်ပွဲခံမှုနဲ့ ပတ်သက်လို့ မင်းတို့တွေ ကြိုက်သလို ရေးလို့ရတယ်။

ကျနော်တို့ကို နိုင်တုန်းက အာတီတာ အောင်ပွဲခံမှုအတွက် ပြောကြ ရေးကြတာလည်း ကျနော် ကြားပါတယ်။ အဲ့သည် အောင်ပွဲခံမှုက ကျနော်ရဲ့ မူပိုင်လည်း မဟုတ်ဘူး။ လူတိုင်း လုပ်ချင်သလို လိုက်လုပ်လို့ရတယ်။

ကျနော်က ပထမဆုံးသော လက်သီးထိုးပြီး အောင်ပွဲခံတဲ့သူ မဟုတ်သလို ဘယ်သူ့ ဘယ်သူကနေ အတူခိုးပြီး အောင်ပွဲခံတာလည်း မဟုတ်ဘူး။ ကိုယ်ဘာသာရယ် အသင်းပရိသတ်တွေနဲ့အတူ လုပ်ချင်တာ လုပ်လိုက်တာပဲ။ လီဗာပူး ပြင်ပ ကမ္ဘာက လူတွေ ဘာပြောနေကြတယ် ဆိုတဲ့အပေါ် ဂရုမစိုက်ပါဘူး။

ကျနော် လုံးဝကို ​ေ-ာက်ဂရုမစိုက်တာပါ။ အခု ကျနော် ပြောတဲ့ စကားလုံးအတိုင်း မင်းတို့ ချရေးလိုက်လို့ ရပါတယ်။

ကျနော်တို့က ကိုယ့်ဘာသာပဲ အောင်ပွဲခံတယ်။ ဘယ်သူကြိုက်တယ်၊ ဘယ်သူမကြိုက်ဘူး ဆိုတာတွေကို ဂရုမစိုက်ပါဘူး ” လို့ ဝေဖန်သူတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။