ချန်ပီယံလိဂ်ထက် ဒီတစ်ကြိမ် လီဗာပူးကို နိုင်ဖို့က ပိုအရေးကြီးတယ် ဆိုလာတဲ့ ချယ်ဆီး ခံစစ်သမားချေးဝဲလ်

ချယ်ဆီး လက်ထောက်အသင်းခေါင်းဆောင် ချေးဝဲလ်ကတော့ မနက်ဖြန် ကာရာဘောင်းဖိုင်နယ်မှာ လီဗာပူးကို အနိုင်ရပြီး ချန်ပီယံဖြစ်ဖို့ဟာ ချန်ပီယံလိဂ် အနိုင်ရတာထက် ပိုအရေးကြီးတယ်လို့ ပြောလာပါတယ်။

၂၀၂၁ တုန်းက မန်စီးတီးကို အနိုင်ယူပြီး ဥရောပ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်ဆီးအသင်းထဲမှာ ချေးဝဲလ်ကလည်း ဆေးဗား၊ ရိစ်ဂျိမ်းတို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

အဲ့နောက်ပိုင်း ချယ်ဆီးအသင်းဟာ အနိမ့်အမြင့်တွေကို ကျော်ဖြတ်နေခဲ့ရတာကြောင့် နည်းပြသစ်၊ ပိုင်ရှင်သစ်နဲ့အတူ ပထမဆုံး ဆုဖလားရဖို့ အရေးကြီးတယ်လို့ အင်္ဂလန်သားက မြင်နေဟန် ရှိပါတယ်။

ချေးဝဲလ်က “ ချန်ပီယံလိဂ်ရဲ့ ဂုဏ်ကျက်သရေက ပိုကြီးမားပေမယ့်လို့ အခုချိန်မှာ ကျနော်တို့အတွက်က ချန်ပီယံလိဂ်ထက် ကာရာဘောင်းဖလား အနိုင်ရဖို့ ပိုအရေးကြီးပါတယ်။

ကျနော်တို့အသင်း ပိုင်ဆိုင်ထားတဲ့ လူစာရင်း၊ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အတက်အကျ များလှတဲ့ ဒီရာသီအရဆိုရင် ကာရာဘောင်းဖလားကို အနိုင်ရရေးက သိပ်ကို အရေးကြီးပါတယ်။

ချန်ပီယံလိဂ်က ပိုကြီးမားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သွားနေတဲ့ ဦးတည်ချက်နဲ့ဆိုရင် ကာရာဘောင်းဖလားက ပိုအရေးပါပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ တုန်းက ကာရာဘောင်းဖလားအဖြစ် ဝင်ဘာလေမှာ လီဗာပူးနဲ့ ချယ်ဆီး ထိပ်တိုက်တွေ့ခဲ့သေးပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့အတူ လီဗာပူးက အနိုင်ရခဲ့ပါတယ်။ အဲ့တုန်းက အကြွေးကို ဒီတစ်ကြိမ် ဖိုင်နယ်မှာ ဆပ်မယ်လို့လည်း ချေးဝဲလ်က ဆိုခဲ့သေးတာ ဖြစ်ပါတယ်။