ရာသီကုန်ရင် လီဗာပူးအသင်းကနေ နည်းပြကလော့ပ် ထွက်ခွာမှာမို့ သူ့နေရာ ဘယ်သူနဲ့ အစားထိုးမလဲအတွက် အသင်းရဲ့ သုတေသန ဒါရိုက်တာ Will Spearman က လီဗာပူးဘောလုံးအသင်းရဲ့ ပုံစံကြမ်းနဲ့ ကိုက်ညီမှုရှိမယ့် မန်နေဂျာလောင်းလျာတွေကို စတင် ရှာဖွေနေခဲ့ပြီး ဖြစ်ပါတယ်။
လေဗာကူဆင်မှ အလွန်ဆိုအပြင် ဘရိုက်တန်မှ ဒီဇာဘီ၊ စပို့တင်းမှ အာမိုရင်း၊ စပါးအသင်းမှာ ပိုစတီကိုဂလူ၊ ဘရန့်ဖိုဒ့်မှ သောမက်စ် ဖရန့်နဲ့ ဂျာမာန်နည်းပြ နာဂယ်စမန်းတို့ကို အသင်းဘက်က ဒေတာပိုင်း စိစစ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီလုပ်ငန်းစဉ်ကိုတော့ သုတေသနဒါရိုက်တာ Spearman က ဦးဆောင်သွားပါမယ်။
မတ်လအကုန်မှာ အသင်းဘက်က အားကစားဒါရိုက်တာသစ်ကို အရင်ဆုံး စတင် ကြိုးစားမှာဖြစ်ကာ အားကစားဒါရိုက်တာသစ်ကပဲ ဘယ်သူ့ကို ကလပ် မန်နေဂျာ ရာထူးအတွက် စတင် ချဉ်းကပ်မလဲ ကြိုးစားသွားမှာပါ။
ကလော့ပ်နေရာ အစားထိုးဖို့ လီဗာပူးတာဝန်ရှိသူတွေကြား နာမည်တစ်ခုကို အတည်ပြုလာခြင်း မရှိသေးပေမယ့် ပြင်ပမှာတော့ အလွန်ဆို၊ ဒီဇာဘီနဲ့ အာမိုရင်းတို့က ရေပန်းအစားဆုံး နာမည်တွေအဖြစ် ဖော်ပြနေပါတယ်။
လီဗာပူးကွင်းလယ်လူဟောင်း အလွန်ဆိုဟာ ကလော့ပ်နေရာ အစားဝင်လာဖို့ ပရိသတ် တောင်းဆိုမှုအား အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လို့ Carteret Analytics ဒေတာတွက်ချက်မှုကို အခြေခံပြီး ဘီဘီစီက ဖော်ပြရာမှာတော့ အလွန်ဆိုဟာ ကလော့ပ်နေရာ အစားဝင်ဖို့ သင့်လျော်သူ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီတွက်ချက်မှုတွေဟာ နည်းပြချုပ်တစ်ဦးရဲ့ ပွဲအတွက် ကြိုတင် ပြင်ဆင်မှု၊ နည်းစနစ်ပိုင်း စိစစ်မှု၊ နည်းဗျူဟာပိုင်း အမိန့်ပေးနိုင်မှု၊ တိုက်စစ်ပိုင်း စတိုင်၊ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းချက် ဖန်တီးနိုင်မှု အစရှိတာတွေကို ကာလရှည် အနေအထားနဲ့ တွဲချက်ရာက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မန်နေဂျာတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို အခြေခံပြီး ဒေတာတွက်ချက်မှုမှာတော့ လီဗာပူးအသင်းနဲ့ အသင့်လျော်ဆုံး ပုဂ္ဂိုလ်ဟာ အာမိုရင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ အာမိုရင်းက ကလော့ပ်နဲ့ နီးနီးစပ်စပ် တူညီတယ်လို့ အဓိပ္ပာယ်ရတာဖြစ်ပါတယ်။
လီဗာပူးနဲ့ အလွန်ဆိုကြား တွဲဘက်မညီနိုင်ဘူးလို့ တွက်ချက်မှုထဲမှာ အရေးပါတဲ့ အချက်တစ်ခုကတော့ အလွန်ဆိုဟာ ကစားကွက် တစ်ခုကို ကိုင်မထားဘဲ လေဗာကူဆင်မှာ မတူညီတဲ့ ကစားကွက် ၆ မျိုးလောက်ကို အလျင့်သင့်သလို သုံးစွဲမှုလည်း ပါဝင်ပါတယ်။
လီဗာပူးဟာ ယာဂင်ကလော့ပ် လက်ထက်မှာ ၄-၃-၃ ကို ပင်တိုင်ထားပြီး လိုက်လျောညီထွေရှိတဲ့ ဟန်ပန်တွေကို ပြောင်းလဲ အသုံးပြုထားတာပါ။ အလွန်ဆိုကတော့ ခံစစ် ၃ ယောက်တန်းကို အကြိုက်တွေ့ကာ ပင်တိုင် ကစားဟန် တစ်ခုကို ကိုင်စွဲမထားတာဟာ ၄-၃-၃ မှာ အသားကျနေတဲ့ လီဗာပူးအတွက် အကြပ်ရိုက်နိုင်တယ်လို့ ဒေတာတွက်ချက်မှုက ဖော်ပြနေပါတယ်။
လီဗာပူးအသင်းကတော့ ကလော့ပ် ကိုယ်ပွားရဖို့ ရှာဖွေမှာ မဟုတ်ဘဲ ကလပ်ကို ဦးဆောင်နိုင်မယ့်သူ နောက်ထပ် ခေတ်သစ်တစ်ခုကို ဖော်ဆောင်မှာလို့ ပြောဆိုထားပြီးပါပြီ။
ဒေတာပိုင်းမှာ နာမည်ကြီးလှတဲ့ လီဗာပူးအသင်းကလည်း ကို်ယ်ပိုင် စိစစ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကာ ဧပရယ်နဲ့ မေလတွေမှာတော့ ကလပ်ရဲ့ ဦးတည်မှုဟာ ဘယ်သူ့ထံ ရောက်သွားမလဲ မြင်ရဖို့ ရှိနေတာဖြစ်ပါတယ်။