မနေ့ညက လီဗာပူးအသင်းရဲ့ ကာရာဘောင်း ချန်ပီယံ ဖြစ်သွားတဲ့ အောင်ပွဲခံညမှာ ကလော့ပ် တစ်ယောက် ထူးခြားတဲ့ မေးခွန်း တစ်ခုကို ဖြေကြားခဲ့ရပါတယ်။
ဘယ်လို အောင်ပွဲမျိုးက လီဗာပူးအသင်းမှာ ကလော့ပ်ရဲ့ ဂန္တဝင် ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြစ်တည်စေခဲ့သလဲလို့ မေးခွန်းထုတ်ခံခဲ့ရရာ ဂျာမန်သားကြီးက အခုလို တုန့်ပြန်ခဲ့ပါတယ်။
” ဂန္တဝင် ဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်တော် ထည့်မတွက်ပါဘူး။ ဒါကို ဖန်တီးဖို့ ကျွန်တော် ဒီလာခဲ့တာ မှ မဟုတ်တာ။ ဘောလုံးကလပ် တစ်သင်းရဲ့ မန်နေဂျာ အဖြစ် ကိုယ့် အလုပ် ကိုယ် သေချာ မှန်မှန်ကန်ကန်လုပ်ဖို့ လာခဲ့တာ။
ဒီကလပ်အသင်းနဲ့သာ မဟုတ်ရင် ပြီးခဲ့တဲ့ ၈နှစ်ခွဲတာ ကာလအတွင်း လုပ်ဆောင်ခဲ့တာတွေက ဖြစ်လာစရာ မရှိပါဘူး။ ဒါတွေက အစားထိုးလို့ မရဘူး။ ဒါမျိုး တခြားကလပ် တစ်သင်းသင်းနဲ့လည်း ကျွန်တော် မလုပ်နိုင်ပါဘူး။ ဒီ ပေါင်းစပ်မှုကနေ ဒီလို ဖြစ်လာတာက သိပ်ကို ဆန်းကြယ် ထူးခြားတာပါ။
One kiss from Wembley 💥 pic.twitter.com/zo6tyecesL
— The Anfield Wrap (@TheAnfieldWrap) February 25, 2024
ဒါပေမယ့် အချိန်နဲ့အမျှ ကျွန်တော်တို့ အများကြီး သင်ယူခဲ့ရတယ်။ ကျွန်တော်ရော ပရိသတ်တွေရောပါပဲ။ အသင်းကနေ မန်နေဂျာ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ထွက်ခွာသွားတာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်း ပရိသတ်တွေက စွန့်ခွာသွားမယ် ဆိုမှသာ တကယ့် ပြဿနာပါ။
ပရိသတ်တွေက သူတို့ ပုံစံအတိုင်း ဆက်ရှိနေသမျှတော့ ဒီ လီဗာပူး ဘောလုံးကလပ်က အဆင်ပြေနေပါလိမ့်မယ်။ ဒါ အရေးကြီးဆုံးပဲ။ ဒါပေမယ့် ဒီလို အောင်ပွဲခံစရာ ကိစ္စမျိုး ရှိလာရင်လည်း ပွဲခံရမှာပေါ့။ လုပ်ပါ.. ဒီနေ့က ထူးရှယ် နေ့တစ်နေ့ပဲ.. အောင်ပွဲခံကြဦးစို့။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။