ဒါဝင်ရဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေကြား ပွဲဖြစ်နေပြီး ဒီကိစ္စ စကားပြောသွားမယ်လို့ ကလော့ပ် ရယ်မောပြီး တုန့်ပြန်

ကာရာဘောင်းဖလား အောင်မြင်သွားချိန်မှာ ပွဲကြည့်စင်ပေါ်က ပြေးဆင်းလာတဲ့ ဒါဝင်ရဲ့ လုပ်ရပ်ကြောင့် လီဗာပူးပရိသတ်တွေ ပွဲကျခဲ့ရပါတယ်။

ဒါဝင်ဟာ သူ့ရှေ့က ခြေအကာနဲ့အတူ ထော့နင်းထော့နင်း ဆင်းနေရတဲ့ ကာတစ်ဂျုံးကိုယ်တောင် မညာမတာ တွန်းဖယ်ပြီး လှေကားထစ်တွေကို ကျော်ခွကာ အရှိန်ဖြင့် ကွင်းထဲကို ပြေးဆင်းခဲ့တာပါ။ ဒွန်ကလည်း အလားတူပဲ ပြေးဆင်းလာခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ “ဒါဝင်ရဲ့ လုပ်ပေါက်ကြောင့် ကာတစ်ဂျုံး ထပ်နားသွားပါဦးမယ်” လို့ စနောက်ခဲ့ကြသလို..

“ဒီလို အရှိန်နဲ့ ပြေးလွှားနိုင်နေတဲ့ ကစားသမား တစ်ယောက်က ဒဏ်ရာရှိနေတယ် ပြောရအောင် ဆေးအဖွဲ့က သေချာရော စစ်ဆေးရဲ့လား?” လို့ နောက်ပြောင်ခဲ့ကြပါတယ်။

ပွဲအပြီးမှာ ကလော့ပ်ကတော့ “ ဒါဝင်နဲ့ ဒွန်တို့က ကြံ့ခိုင်မှု မပြည့်ပါဘူး၊ ဒါကြောင့်ပဲ သူတို့ မကစားရတာပါ။ ဒါပေမယ့် အောင်ပွဲခံပုံ ကြည့်ရတာတော့ သူတို့ နှစ်ဦးလုံး ၁၀၀ ရာခိုင်မှုန်း အဆင်ပြေနေပုံပါ။

ဒီတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျနော် ဆေးအဖွဲ့နဲ့ စကားပြောရပါလိမ့်မယ် ” လို့ ရယ်မောပြီး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြာသပတေးနေ့မှာတော့ လီဗာပူးအသင်းဟာ ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒါဝင်နဲ့ ဒွန်တို့ ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။