ဒေါမနစ် ဆိုဘိုစလိုင်ကတော့ သူ ဘာကြောင့် အသင်းလူစာရင်းထဲမှာ ပြန်မပါရတာလဲ ဆိုတာနဲ့ ဖိုင်နယ်မှာ ချန်လှပ်ခံထားရတဲ့ အကြောင်းရင်းကို ဟန်ဂေရီ သတင်းကနေ ထုတ်ပြောလာပါတယ်။
သူကတော့ ” ဆေးအဖွဲ့က ကျနော်ကို အတော်လေး ဂရုစိုက်ပေးနေပါတယ်။ ကျနော် သဘောအတိုင်းဆိုရင် ဖိုင်နယ်ပွဲကို ဝင်ကစားချင်ပါတယ်။ မပါရတာကို မုန်းပါတယ်။ မကစားရတာကို မုန်းပါတယ်။
ဖိုင်နယ်ပွဲ ကစားခွင့်ရဖို့ ဆရာဝန်တွေနဲ့ အတော်လေး အငြင်းအခုံ ဖြစ်ခဲ့ရတာပါ ” ဆိုပြီး ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲအတွင်းမှာ ဆိုဘိုစလိုင်းဟာ တံကောက်ကြော ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်မှာ ပြန်လာခဲ့ပေမယ့် ချယ်ဆီးပွဲ မတိုင်ခင် ဒဏ်ရာ ပြန်ရခဲ့တာပါ။
လီဗာပူးအသင်းကတော့ သူ့ရဲ့ ဒဏ်ရာ ထပ်မံ မဖြစ်လာရေး ရာနှုန်းပြည့် စိတ်ချလိုတာကြောင့် ကာရာဘောင်းပွဲမှာ ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။