ကာရာဘောင်း ချန်ပီယံ လီဗာပူးကို ခနဲ့သွားတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ

လီဗာပူးအသင်းက ချယ်ဆီးကို အနိုင်ရပြီး ကာရာဘောင်းဖလား ချန်ပီယံဖြစ်ပြီး နောက်တစ်ရက်မှာပဲ မန်စီးတီးနည်း​ပြ ဂွာဒီယိုလာက ဒီဖလားဟာ အရေးမပါတဲ့ ဖလားတစ်လုံးပါလို့ ပြောလာခဲ့ပါတယ်။

အက်ဖ်အေဖလားပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ” ကျနော် မန်စီးတီးကို ရောက်လာတုန်းက လက်ထောက်နည်းပြက ပြောခဲ့တာကို မှတ်မိသေးတယ်။

ကာရာဘောင်းဖလားဆိုတာ အရေးမပါပါဘူးတဲ့။ အဲ့ပြိုင်ပွဲလောက်ကတော့ ကလေးတွေနဲ့ပဲ ကန်ပါ၊ ဘယ်သူမှ ဂရုမစိုက်ဘူးလို့ ပြောခဲ့တာပါ။

ဆာအဲလက်စ် ဖာဂူဆန်ကလည်း ကာရာဘောင်းက အရေးမကြီးဘူးလို့ အမြဲ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဘာဖြစ်လာလဲ မသိဘူး။ တကယ့်ဖိုင်နယ်ပွဲလို ဖြစ်လာတယ်။

အရင်တုန်းကဆို အဲ့ပြိုင်ပွဲကို ဘယ်သူမှ ဂရုမစိုက်ပါဘူး ကျနော် ပြောနေတာ အမှန်တရားပါပဲ ” လို့ ဆိုလာခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးနဲ့အတူ ကာရာဘောင်းဖလား ၄ ကြိမ် အနိုင်ရခဲ့ဖူးပြီး ဒီနောက်ပိုင်းမှာတော့ ဖိုင်နယ်နဲ့ အနားမကပ်နိုင်ဖြစ်လာခဲ့တာပါ။

ကာရာဘောင်းဖလား အနိုင်ရအပြီးမှာ နည်းပြကလော့ပ်ကတော့ ‘ အခြားကလပ်တွေရဲ့ ပရိသတ်တွေက ကာရာဘောင်းဖလားကြီးပါကွား ပြောကြလိမ့်မယ်။

ဟုတ်ပါတယ် အခု ကျနော်တို့ ဆုဖလားရသလို သူတို့တွေလည်း ရချင်နေကြမှာပါ ‘ ဆိုပြီး မှတ်ချက်ပေးထားခဲ့တာ ဖြစ်ပါတယ်။