ကာရာဘောင်းဖလား ဖိုင်နယ်ပွဲ နောက်ဆုံးမိနစ်တွေမှာတော့ လီဗာပူးလူစာရင်းထဲက ၆ ဦးဟာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြပါတယ်။
ဒါကြောင့်ပဲ ကလော့ပ်ရဲ့ ကလေးတွေဟာ ဘီလျံသန်းချီ သုံးထားတဲ့ ချယ်ဆီးကို အံ့မခန်း အနိုင်ရခဲ့တာပါလို့ အင်္ဂလန်မီဒီယာတွေက ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။
ဒီရာသီ ဖလား ၄ လုံးထဲက ၁ ခုဖြစ်တဲ့ ကာရာဘောင်းကို အနိုင်ရပြီးဖြစ်ပေမယ့် ဒဏ်ရာပြဿနာ ထိုးနှက်မှုကြီးတွေ ရှိနေတဲ့ လီဗာပူးအသင်းဟာ နောက်ထပ် ပွဲကြပ်ကာလတွေအတွက် ပြင်ဆင်နေရပြီဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ အက်ဖ်အေဖလားပွဲ ယှဉ်ပြိုင်ရမှာဖြစ်ကာ စီနီယာတွေကို မသုံးနိုင်သေးတဲ့ အခြေအနေကြောင့် အကယ်ဒမီထွက် လူငယ်လေးတွေ ပွဲထွက်ကနေ ပါဝင်ခွင့်ရလာမယ်လို့ အသံကျယ်နေခဲ့ပါတယ်။
ဂိုးသမား ကလယ်ဟာကို အနားပေးကာ တတိယ ဂိုးသမား အတ်ဒရီယန်ဟာ ဆောက်သမ်တန်ပွဲမှာ ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ်။ ခံစစ်မှာ ဗန်ဒိုက်ကိုလည်း အနားပေးပြီး ကွမ်းဆက်ကို ကိုနတေးနဲ့ တွဲဘက်ပေးမှာ ဖြစ်ပါတယ်။
ညာခြမ်းမှာ ဘရတ်ဒလေကို ဆက်လက် နေရာပေးဖို့ ရှိသလို ကွင်းလယ်မှာတော့ မက်ကော်နယ်နဲ့ ဘော်ဘီကလက်တို့ဟာ အန်ဒို၊ ဟာဗေးတို့အစား ပွဲထွက်ခွင့်ရဖို့ ရှိနေသလို တိုက်စစ်ကလည်း ဂျေဆန် ဒန့်စ်နဲ့ ကူးမက်စ်တို့ ပါလာမယ်လို့ သိထားရပါတယ်။
ဆာလာ၊ ဒါဝင်နဲ့ ဆိုဘိုတို့ဟာ ဒဏ်ရာကနေ သက်သာနေပြီဖြစ်ပေမယ့် ၃ ရက်တစ်ပွဲ ယှဉ်ပြိုင်ရမယ့် မတ်လပွဲစဉ်တွေမှာ အကောင်းဆုံး ကြံ့ခိုင်မှုရနေစေဖို့ တတ်နိုင်သလောက် ပွဲထွက်ခွင့် ပေးဦးမှာ မဟုတ်ပါဘူး။
အန်ဒို၊ ဒီယက်စ်၊ ဗန်ဒိုက်၊ ဟာဗေးတို့ဟာလည်း ကာရာဘောင်းမှာ မိနစ် ၁၂၀ အပြည့် ကစားထားတာမို့ အနားပေးခံရဖို့ ရှိနေတာဖြစ်ပါတယ်။