လီဗာပူးကို သတိပေးစကားတွေ အပြိုင်အဆိုင် ပြောဆိုလာကြတဲ့ အိုဒီဂတ်နဲ့ ဟာလန်း

ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ မန်စီးတီးအသင်း အဓိက ကစားသမားတွေကတော့ ဒီအပတ်ထဲ သတိပေးချက်တွေ ကိုယ်စီ ထုတ်ပြောလာခဲ့ကြပြီ ဖြစ်ပါတယ်။

အာဆင်နယ်က နယူးကာဆယ်ကို ၄-၁ ဖြင့် အနိုင်ရခဲ့ကာ လီဗာပူးနောက် ၂ မှတ်အကွာကနေ ပြန်ကပ်လိုက်လာတာပါ။ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ သူတို့ဟာ မနှစ်က အမှားတွေကနေ သင်ယူနိုင်ခဲ့ပြီလို့ သတိပေးလာခဲ့တယ်။

အိုဒီဂတ်က ” အခုအချိန်မှာ ကျနော်တို့က ဘယ်လို ပြိုင်ဘက်ကိုမှ မကြောက်ပါဘူး။ မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလား လွဲခဲ့ပေမယ့် အဲ့အတွေ့အကြုံကနေ သင်ယူနိုင်ခဲ့ပြီဆိုတာ သက်သေပြသွားတော့မှာပါ ” လို့ အသိပေးလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အာဆင်နယ်ကို ၂ မှတ်ဖြတ်ထားသလို မန်စီးတီးကိုလည်း ၁ မှတ် ဖြတ်ထားနိုင်ဆဲပါ။ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေက ၁၂ ပွဲပဲ ရှိတော့တာမို့ အမှားမခံနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

ဒီမနက်က လူတန်တောင်းကို ၆-၂ နဲ့ အနိုင်ရအပြီး ဟာလန်းကလည်း မန်စီးတီး လာနေပြီလို့ ပြိုင်ဘက်တွေကို သတိပေးပါတယ်။

နော်ဝေသား တိုက်စစ်မှူးက ” ပြိုင်ဘက်တွေကို သတိပေးဖို့တောင် မလိုလောက်ပါဘူး။ ကျနော်တို့ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မန်စီးတီးအသင်း ပြန်လာနေပါပြီ စိတ်လှုပ်ရှားစရာတွေ မြင်တွေ့ရတော့မှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နည်းပြကလော့ပ်ရဲ့ နောက်ဆုံး ဘောလုံးရာသီမှာ ဆုဖလားတွေဖြင့် ဂုဏ်ပြုဖို့ ပြိုင်ဘက်တွေနည်းတူ အရှိန်တင်နိုင်ရတော့မှာ ဖြစ်ပါတယ်။