လီဗာပူးပိုင်ရှင်အဖွဲ့ဖြစ်တဲ့ FSG ဟာ အသင်း အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အတ်ဝပ်ကို နောက်ဆုံးအကြိမ် ကြိုးစားမှုအဖြစ် အသင်းထံ ပြန်လာဖို့ စည်းရုံးသွားတော့မှာ ဖြစ်ပါတယ်။
အားကစားဒါရိုက်တာဟောင်း အတ်ဝပ်ကို သူ့ရဲ့ ရာထူးဟောင်း ပေးဖို့ ပြင်ဆင်ထားသလို အသစ်ပြန်ဖွဲ့မယ့် အုပ်ချုပ်မှုပိုင်းမှာ အဲ့ထက်မြင့်တဲ့ ဘောလုံးဆိုင်ရာ ရာထူး တစ်နေရာကိုလည်း ပေးအပ်ဖို့ FSG ဘက်က ကမ်းလှမ်းမှာ ဖြစ်ပါတယ်။
ဒါကလည်း အတ်ဝပ်ကိုယ်တိုင်က အားကစားဒါရိုက်တာအဖြစ် ဘောလုံးလောကထဲ ပြန်လာလိုစိတ် မရှိဘဲ ပိုပြီး လုပ်ပိုင်ခွင့်ရမယ့် ရာထူးတစ်ခုကို တာဝန်ယူလိုနေတာကြောင့်ပဲ။ ဒီအကြောင်း ပြောဖို့ဆိုရင် အားလုံးရဲ့ အစကို ပြန်သွားရပါလိမ့်မယ်။
နည်းပြအဖွဲ့နဲ့ ဒေတာအဖွဲ့ကြားက အကွဲအပြဲ
လီဗာပူးအသင်းမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝပ်တို့ဟာ အတွဲညီတဲ့ တွဲဘက်တွေအဖြစ် လူသိများပေမယ့် သူတို့ကြား အကွဲအပြဲ ဇာတ်လမ်းဟာ ကိုဗစ်ကာလ အလွန်မှာ စတင်လာခဲ့ပါတယ်။
လီဗာပူးအသင်း အားကစားခေါ်ယူမှုဆိုင်ရာ ကော်မတီ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ သူတို့ နှစ်ဦးဟာ လီဗာပူးအသင်းရဲ့ အနာဂတ်နဲ့ ကလပ်ရဲ့ ဟန်ချက်ညီမှုတွေမှာ မတူညီတဲ့ ထောက်တိုင်တွေအဖြစ် ရှိနေခဲ့ကြသူတွေပါ။ အတ်ဝပ်က ကိန်းဂဏန်းတွေကို ပိုမို အားကိုးပြီး ယာဂင်ကလော့ပ်က အကျင့်စရိုက်နဲ့ စိတ်ဓါတ်ပိုင်းတွေကို ယုံကြည်သူဖြစ်ပါတယ်။
အတ်ဝပ်ခေါင်းဆောင်တဲ့ ဒေတာအဖွဲ့နဲ့ ကလော့ပ် ခေါင်းဆောင်တဲ့ နည်းပြအဖွဲ့ဟာ ကစားသမား ခေါ်ယူမှုရေးတွေ၊ စာချုပ်သက်တမ်းတိုးရေးတွေမှာ မကြာခဏ ထိတွေ့မှုဖြစ်ပေမယ့် ကောင်းသော ထိတွေ့ခြင်းတွေအဖြစ် ဟန်ချက်ညီညီ ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၁ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အပြီး သူတို့ကြား အက်ကွဲကြားက ကြီးမားသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ လီဗာပူးအသင်းဟာ ထိုစဉ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို စာချုပ်သစ် ပေးမလား မပေးဘူးလား ပြဿနာကို ကိုင်တွယ်ရဖို့ ဖြစ်လာပါတယ်။ တကယ်တမ်းမှာတော့ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ကို သက်တမ်း တိုးမတိုးကလည်း မဖြေရှင်းရသေးတဲ့ ပြဿနာ တစ်ရပ်ပါ။
ကိုဗစ်ကာလအလွန် ဘဏ္ဍာရေး ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတဲ့ လီဗာပူးအသင်းမှာတော့ အဓိက စပွန်ဆာ ကိစ္စတွေ၊ CEO သစ် ကိစ္စတွေအပြင် Anfield Road တိုးခဲ့ရေးလို ရှေ့တိုးနိုင်ခြင်း မရှိသေးတဲ့ ပြဿနာတွေလည်း ပြည့်နေပါတယ်။
ထိုစဉ်တုန်းက အသက် ၃၁ နှစ်အရွယ် ဟန်ဒါဆန်ဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေချိန် ဖြစ်ပါတယ်။ သူ့ကို ပီအက်စ်ဂျီနဲ့ အက်သလက်တီကို မက်ဒရစ်တို့က စိတ်ဝင်စားလာရာကနေ လီဗာပူးဘက်က ရောင်းထုတ်မလား သက်တမ်းတိုးမလား တစ်ခုကို ရွေးချယ်ရတော့မှာပါ။
အားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝပ်နဲ့ သူ့ရဲ့ ဒေတာအဖွဲ့က ဟန်ဒါဆန်ကို သက်တမ်း မတိုးလိုတော့ပါဘူး။ အဲ့ကာလမှာပဲ နည်းပြကလော့ပ်ဟာ ဟန်ဒါဆန်ကို သက်တမ်းတိုးဖို့ သူ့ရဲ့ အာဏာကို အသုံးပြုပြီး ဝင်ရောက် ကိုင်တွယ်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမား တစ်ဦးကို တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းပေးပြီး ၂၀၂၅ ထိ စာချုပ်ချုပ်တာဟာ ဒေတာအဖွဲ့ရဲ့ စံနှုန်းနဲ့ လုံးဝ ကိုက်ညီခဲ့ခြင်း မရှိပါဘူး။ ၄ နှစ်တာ ကာလအတွင်း ဟန်ဒါဆန်ရဲ့ စွမ်းဆောင်ရည်က ပိုပို ကျဆင်းလာလိမ့်မယ်လို့ ဒေတာအဖွဲ့က ပြင်းပြင်းထန်ထန် ငြင်းခုံခဲ့ပါတယ်။
ဟန်ဒါဆန်ကို သက်တမ်းတိုးအပြီးမှာ လုပ်ပိုင်ခွင့် ထိပါးခံရတယ်လို့ ယုံကြည်တဲ့ အတ်ဝပ်ဟာ လီဗာပူးကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟန်ဒါဆန်စာချုပ်ကိစ္စ ကြေညာပြီး ၂ ပတ်အတွင်းမှာပဲ တာဝန်လွဲပြောင်းမှု ကိစ္စတွေကြောင့် ၁ နှစ် ရာထူး ဆက်ယူပေးပြီးရင် အတ်ဝပ် ရာထူးကနေ နှုတ်ထွက်မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။
ကလော့ပ်ဘက်ကအမြင်
ကွင်းပြင်ဆက်ဆံရေးနဲ့ ကစားသမားသစ် ခေါ်ယူရေးတွေမှာ ဒေတာအဖွဲ့အပေါ် ၁၀၀% ယုံကြည်ပေးတဲ့ နည်းပြကလော့ပ်ဟာ အဝတ်လဲခန်းမှာတော့ သူ့ရဲ့ လူဟာ ဘယ်သူလဲ သူသိပါတယ်။ နောက်ပိုင်းမှာ ကလော့ပ်က စကားတစ်ခွန်း ပြောခဲ့ပါတယ်။
အဝတ်လဲခန်းထဲကို ဝင်လိုက်လို့ရှိရင် ကိစ္စ အတော်များများက သူလုပ်စရာ မလိုပါဘူး။ ကလော့ပ်နဲ့ မီလ်နာတို့က တာဝန်ယူပေးပြီး ဖြစ်ပါတယ်။ ကစားသမားတွေကို မှာကြားတာ စည်းကမ်းပိုင်း အရေးယူတာတွေလို ကြီးကြပ်မှုတွေမှာ သူ့ နှုတ်က ထွက်စရာမလိုဘဲ ဟန်ဒါဆန်တို့က အမြဲတမ်း ကြီးကြပ်ပေးပါတယ် ဆိုတာပဲ ဖြစ်ပါတယ်။
ကွင်းတွင်း အောင်မြင်လိုရင် အသင်းလူစာရင်းကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ လီဗာပူးမှာက အရည်အချင်းရှိတဲ့ ကစားသမား အများအပြားမို့ ဟန်ဒါဆန်ကို ဆက်ထိန်းနိုင်ခြင်းဟာ အကျိုးဖြစ်မယ်လို့ မြင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကလော့ပ်ဟာ သူ့ရဲ့ လူဟောင်းတွေအပေါ် အစွဲကြီးလွန်းတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။
အတ်ဝပ်မရှိတော့တဲ့နောက် အပြောင်းအရွှေ့မှာ ကလော့ပ်ရဲ့ လုပ်ပိုင်ခွင့်ဟာ ယခင်ကထက် ပိုများလာခဲ့ပါတယ်။
အတ်ဝပ်ဘက်က အမြင်
ကိုဗစ်အလွန်မှာ လီဗာပူးအသင်းဟာ ပြဿနာပေါင်း များစွာကို ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေမှာ ငွေကြေးပိုင်း ဆုံးရှုံးမှုတွေကို တတ်နိုင်သလောက် နည်းအောင် ကာကွယ်ရမှာပါ။
၂၀၂၁ မှာ လီဗာပူးက ဟန်ဒါဆန်ကို ရောင်းခဲ့ရင် ပေါင် ၁၂ သန်းထက် ပိုရမှာဖြစ်ပြီး ဟန်ဒါဆန် နေရာ အစားထိုးဖို့ ထိုစဉ်တည်းက အသင်း စိတ်ဝင်စားနေတဲ့ ဘယ်လင်ဟမ်ကို ကမ်းလှမ်းမယ်ဆိုရင် အတော်လေး သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရနိုင်ခဲ့မှာပါ။
ကလော့ပ်ရဲ့ ရွေးချယ်မှုဟာ မန်နေဂျာတစ်ယောက်အဖြစ် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ရင်တောင် အားကစာဒါရိုက်တာ တစ်ယောက်ရဲ့ အမြင်မှာ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါဟာပဲ သူတို့ နှစ်ဦးကြား ရှေ့ဆက်လို့မရတော့တဲ့ ကိစ္စ ဖြစ်ခဲ့ပါတယ်။
အတ်ဝပ်တောင်းတဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်း ထိန်းချုပ်ခွင့်
ဒီရာသီကုန်မှာ အတ်ဝပ် လီဗာပူးကို ပြန်ရောက်လာမလားဟာ FSG ဘက်က ဘယ်လို လုပ်ပိုင်ခွင့်မျိုး ပေးမလဲအပေါ် မူတည်ပါတယ်။ ပြောခဲ့သလိုပဲ အတ်ဝပ်ကတော့ အားကစားဒါရိုက်တာ တာဝန်နဲ့ ပြန်လာလိုစိတ် မရှိပါဘူး။ သူတောင်းတဲ့ ရာထူးက အဲ့ထက် မြင့်ပါတယ်။
အတ်ဝပ်ဟာ အားကစားဒါရိုက်တာသစ် ဘယ်သူဖြစ်သင့်တယ်၊ မန်နေဂျာ ဘယ်သူဖြစ်လာရမလဲ ဆိုတာတွေကိုပါ ကိုယ်တိုင် ထိန်းချုပ်ခွင့် တောင်းဆိုမှာဖြစ်ပါတယ်။ အခုချိန်ထိတာ့ FSG ဘက်က တရားဝင် ချိတ်ဆက်မှုတွေ မလုပ်ရသေးဘူးလို့ သိရပါတယ်။
လီဗာပူးခေတ်သစ်ကို အုပ်ချုပ်မှု ပုံစံအသစ်ဖြင့် တည်ဆောက်မှာဖြစ်လို့ ကလော့ပ်ခေတ်နဲ့ မတူညီတဲ့ ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေ မြင်လာရဖို့ ရှိနေပါတယ်။
မှတ်ချက်။ ။ ဖော်ပြပါ အကြောင်းအရာတွေဟာ The Telegraph မှ သတင်းထောက် Chris Bascombe ရေးသားမှုနဲ့ The Times မှ Paul Joyce တို့ရဲ့ ရေးသားမှုတွေကို ကိုးကားပါတယ်။