လီဗာပူးအသင်းက ဆောက်သမ်တန်ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ နည်းပြကလော့ပ်ဟာ ပုံမှန်မဟုတ်တဲ့ ရွေးချယ်မှု တစ်ခုကို ပြုလုပ်သွားပါတယ်။
ဒီရာသီမှာ လီဗာပူးရဲ့ ဂျိုကာ ကစားသမားဖြစ်နေတဲ့ ဂိုးမက်စ်ကို သူ ကစားနေကျ မဟုတ်တဲ့ ကွင်းလယ် နံပါတ် ၆ နေရာမှာ ထုတ်သုံးခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီ ညာအစွန်လူ၊ ဘယ်အစွန်လူ၊ ခံစစ်မှူး နေရာတွေအပြင် အခုအခါ ကွင်းလယ် နံပါတ် ၆ သမားအဖြစ်ပါ ကစားပေးခဲ့ပါပြီ။
လီဗာပူး ကစားသမားဘဝ သွင်းဂိုး လုံးဝ မရဖူးသေးတဲ့ ဂိုးမက်စ်ဟာ ဆောက်သမ်တန်ပွဲမှာ ခြေစွမ်းပြခဲ့ပါတယ်။ ကွင်းထဲ သူ ဘောလုံးရချိန်တွေမှာ အန်ဖီးကွင်း တစ်ခုလုံးက shoot လို့ ဝိုင်းအော် အားပေးခဲ့ကြလို့လည်း ပွဲကျခဲ့ရပါသေးတယ်။
လီဗာပူးကစားသမားဘဝ ပွဲပေါင်း ၂၃၃ ပွဲ ကစားခဲ့တဲ့ ဂိုးမက်စ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေမှာ အရေးပါတဲ့သူ ဖြစ်ခဲ့ဖူးပေမယ့် ဂိုးမသွင်းဖူးသေးပါတယ်။ ဒီရာသီမှာတော့ ဂိုးမက်စ်ဟာ ထူးချွန် စွမ်းဆောင်ရည်တွေ ပြသနေသလို ဂိုးသွင်းနိုင်ဖို့လည်း ကြိုးစားနေသူပါ။
များစွာသော လီဗာပူးပရိသတ်တွေကတော့ ဒီရာသီ လီဗာပူးအတွက် ၅ မိနစ်ပဲ ကစားပေးပြီး တစ်ရာသီလုံး အနားယူနေရတဲ့ သီယေဂို အယ်ကန်တာရာထက် ဂိုးမက်စ်ထံက တစ်ခုခု မျှော်လင့်တာကမှ မှန်ကန်တဲ့ စိတ်ရှည်မှုဖြစ်မယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ကြတယ်။
The bench laughing at Joe Gomez’s shot 🤣🤣🤣 https://t.co/1w2jxK1PZc
— The Anfield Buzz (@TheAnfieldBuzz) February 28, 2024
ပွဲအပြီး LFC TV နဲ့ အင်တာဗျူးမှာ ကလော့ပ်ကတော့ “ ပရိသတ်တွေကို တစ်ခု ပြောချင်ပါတယ်။ ဂိုးမက်စ် ဘောလုံးရချိန် ကန်ထည့်လိုက်တော့ ဆိုပြီး ရယ်စရာ မလုပ်ကြပါနဲ့။ ဂိုးမက်စ်ကို သူ့ဘာသာ ကစားခွင့်ပေးလိုက်ပါ။
တစ်ရက်ကျရင် သူ ကန်မှာပါ။ သူ့ဘာသာ အခိုက်အတန့်ကောင်းကို ရှာနိုင်မှာပါ။ အကုန်လုံးက ကန်လိုက်ပါ ကန်လိုက်ပါ တိုက်တွန်းလို့ နောက်တစ်ကြိမ် ကိုက် ၄၀ လောက်က သူ ကန်တယ်ဆိုရင် ကျနော် ဒေါသထွက်မိပါလိမ့်မယ် ” လို့ ရယ်မောပြီး အသိပေးသွားခဲ့ပါတယ်။