လီဗာပူး ကြယ်ပွင့်တွေကို ရက်စက်တဲ့ စကားလုံးတွေဖြင့် စိန်ခေါ်မှု ပြုလုပ်တဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ ကလပ်ရဲ့ ကြယ်ပွင့်တွေကို ကြိုဆိုခြင်းနဲ့အတူ သူတို့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် ရက်စက်တဲ့ စကားမျိုးတွေဖြင့် သတိပေးစကားတွေ ပြောလာခဲ့ပါတယ်။

ကာရာဘောင်းဖိုင်နယ်နဲ့ အက်ဖ်အေဖလားပွဲတွေမှာ နည်းပြကလော့ပ်ဟာ လူငယ်တွေ အများကြီးကို ပွဲကစားခွင့်တွေ ဖန်တီးပေးခဲ့ပါတယ်။ ဒီလူငယ် အစုအဖွဲ့ကို ကလော့ပ်က အထူးချီးကျူးခဲ့ပေမယ့် ဘောလုံးမှာ ဒါဟာ မထူးဆန်းတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ များစွာသော လူငယ်တွေဟာ ပေါ်ထွက်လာကြပြီး ထိပ်တန်းအဆင့် မရောက်လာဘဲ ပျောက်ကွယ်သွားကြပါတယ်။ လက်ရှိ အသင်းမှာဆိုရင် ထရန့်၊ ကာတစ်၊ ကလယ်ဟာတို့ကလွဲရင် သူတို့မျိုးဆက်ထဲက များစွာသော လူငယ်တွေဟာ အသင်းမှာ ရှိမနေကြတော့ပါဘူး။

ဗန်ဒိုက်ကတော့ ပွဲထွက်ရတာကို ဘဝင်မြင့်မနေဘဲ ကစားသမားဘဝ ရှေ့ဆက်ဖို့ရာ ဆက်လက် အားထုတ်ကြဖို့ တိုက်တွန်းပါတယ်။ သူကတော့ ‘ စီနီယာအသင်းအနားမှာ သင်ယူနေရတာကတောင် လူငယ်တွေအတွက် အကျိုးထူးနေပါပြီ။ သူတို့ ဆက်လက်ပြီး အားထုတ်ကြရပါလိမ့်မယ်။

ကျနော်ရဲ့ ကစားသမားဘဝမှာ လူငယ်ကြယ်ပွင့်ပေါင်း များစွာဟာ ပွဲဦးထွက်တွေ လုပ်လာနိုင်ပြီးမှ ပျောက်ကွယ်သွားကြတာမျိုး အများကြီး မြင်ဖူးပါတယ်။ အသင်းက လူငယ်လေးတွေ အနေနဲ့ ဆက်ပြီး ကြိုးစားရပါမယ်။ လီဗာပူးလို သိပ်ကို ကြီးကျယ်တဲ့ အသင်းမှာ သူတို့ ကြိုးစားကြမှာ သေချာပါတယ်။

လူငယ်လေးတွေ တိုးတက်လာရေး ဆက်ကြိုးစားရမယ်။ အရေးကြီးဆုံးက နိမ့်ချနေဖို့ပါပဲ။ ကျနော်တို့အသင်းမှာ ကောင်းမွန်တဲ့ အစဉ်အလာတွေ ရှိတာမို့ ဒီလူငယ်လေးတွေကို ရိုးကျိုးပြီး ကြိုးစားနေအောင် ပဲ့ကိုင်ပေးနိုင်မယ် ယုံကြည်ပါတယ်။ ’ လို့ သတိပေးခဲ့တယ်။

ကူးမက်စ်၊ ဒန့်စ်၊ ဘော်ဘီကလက်၊ မက်ကော်နယ်၊ နိုင်ယွန်နီတို့ ကစားခွင့်ရခဲ့ကြပေမယ့် မကြာခင် ဆာလာ၊ ဒါဝင်၊ ဆိုဘို၊ ဂျုံးတို့ ပြန်လာချိန်မှာ လူငယ်လေးတွေဟာ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံရတော့မှာပါ။

လူငယ်လေးတွေကို အကြံပေးဖို့ တိုက်တွန်းခံရချိန်မှာ ဗန်ဒိုက်က ‘ ပွဲကစားရချိန်တွေကို ပျော်ရွှင်ပါ။ ဒါပေမယ့် ကစားရမှာ မကြောက်ပါနဲ့။ ဒီလိုပြောတာ လွယ်ပေမယ့် ဒီတစ်ခုပဲ သူတို့ကို မှာရမှာပါ။

သူတို့မှာ အရည်အချင်းရှိကြပေမယ့် လာမယ့် အပတ်တွေဆို စီနီယာတွေက ပြန်သက်သာလာပါတော့မယ်။ လူစာရင်းထဲ ပါနေပြီး မကစားရတာက လူငယ်တွေအတွက် ခက်ခဲလာလိမ့်မယ်။ သူတို့ ဒါကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်ပိုင်း ပြင်ဆင်ထားရပါမယ်။ သူတို့ လုပ်နိုင်မယ် ယုံကြည်ပါတယ် ’ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ ပြောဆိုမှုတွေဟာ အညှာအတာကင်းမဲ့ပေမယ့် လက်တွေ့ကျတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ လီဗာပူးလို အသင်းမှာ နေရာတစ်နေရာရဖို့ရာ ခိုင်မာတဲ့ စိတ်ဓါတ်ပိုင်းနဲ့ ပြင်းထန်တဲ့ ဇွဲလုံးလတို့အပြင် ကစားခွင့်ရချိန်တိုင်း ခြေစွမ်းပြဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။