ကလော့ပ် ခေတ်ကုန်ပြီလို့ ဝေဖန်သူတွေ လေသံပြောင်းလာကြခြင်း၊ အလွန်ဆိုကို ၃ နှစ် စာချုပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဘရန့်ဖိုဒ့်ပွဲမှာ သွင်းယူခဲ့တဲ့ ဒါဝင် နူးညက်စ်ရဲ့ သွင်းဂိုးဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာဂိုးအတွက် ဆန်ကာတင် စာရင်းထဲ ပါဝင်နေပါတယ်။

လီဗာပူးအသင်းရဲ့ စီးပွားရေးဆိုင်ရာ ဝင်ငွေတွေဟာ တောင့်တင်းဆဲဖြစ်ကာ ဒီနှစ်တွေအတွင်း အသင်းအကြီးအကဲတွေဟာ စီးပွားရေး လက်တွဲဘက်တွေကို ရှာဖွေနိုင်နေဆဲ ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ လုပ်ခ စာရင်းရှင်းတမ်း ထွက်ရှိလာရာမှာ အသင်းဟာ ဝင်ငွေတွေရဲ့ ၆၂.၈% ဖြစ်တဲ့ ပေါင် ၃၇၃ သန်းကို လုပ်ခတွေအဖြစ် ပေးချေထားရပါတယ်။ ဒါဟာ မန်စီးတီးပြီးရင် ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးဖြစ်ပါတယ်။

လိဂ်ဖလား အောင်မြင်မှုအတွက် လီဗာပူး ပထမအသင်းနဲ့ အကယ်ဒမီ ဝန်ထမ်းတွေ အားလုံးပေါင်းပြီး အတူတကွ အောင်ပွဲခံမှု ပြုလုပ်ခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ အလွန်ဆိုရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောမှု အဆင်ပြေနေကာ ၃ နှစ်စာချုပ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မေလ ၂၀၂၂ တုန်းက အန်ဖီးကွင်း နောက်ဆုံးပွဲဖြစ်တဲ့ ဝုဗ်နဲ့ပွဲမှာ ဂျေဒန်ဒန့်စ့်ဟာ ကွင်းထဲမှာ ဘောကောက်သမားလေးအဖြစ် ရှိနေခဲ့ပါတယ်။

မနှစ်က ဒီလိုအချိန်မှာ ကလော့ပ် ခေတ်ကုန်သွားပြီဆိုကာ ရာထူးကနေ ထုတ်ပယ်သင့်ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့ကြသူတွေဟာ ဒီရာသီမှာတော့ သူ့ကို ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် တင်စားနေကြပြန်ပါပြီ။

လူငယ်တွေအနေနဲ့ စိတ်ဓါတ်ပိုင်း ကြံ့ခိုင်နေဖို့ လိုအပ်မယ်လို့ ဗန်ဒိုက်က သတိပေးလိုက်ပါတယ်။ ပွဲဦးထွက်ပြီးနောက် ပျောက်ကွယ်သွားတဲ့ လူငယ်တွေ အများကြီးဖြစ်ကာ လီဗာပူးလိုအသင်းမှာ နေရာရဖို့ဆိုရင် ငယ်ဂုဏ်တစ်ခုတည်းနဲ့ မရကြောင်း စိတ်ဓါတ်ပိုင်း ပြင်ဆင်ထားကြဖို့ လိုကြောင်း သတိပေးလာတာပါ။

များစွာသော လီဗာပူးပရိသတ်တွေကတော့ မာတစ်၊ သီယေဂိုနဲ့ အတ်ဒရီယန်တို့ကို စာချုပ်သစ်ကိစ္စ စကားမပြောဘဲ အလွတ်ဖြင့် ထွက်ထွင့်ပေးကာ ကလော့ပ်ရဲ့ လူငယ်တွေကို နောက်ရာသီ ပွဲကစားခွင့် ဖန်တီးပေးဖို့ အသင်းကို တောင်းဆိုနေကြပါတယ်။