

လီဗာပူးဂန္တဝင်ကြီး ကင်းကင်နီကတော့ ဒီရာသီ အသင်း ပရီးမီးယားလိဂ်ဖလား ရနိုင် မရနိုင်ကို ခြိမ်းခြောက်မှုပေးနေတာ မန်စီးတီးနဲ့ အာဆင်နယ်တို့ မဟုတ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။
ပြိုင်ဘက် ၂ သင်းဟာ ခြိမ်းခြောက်မှု ဆိုပေမယ့် လီဗာပူးအတွက် အဓိက အဟန့်အတားဖြစ်စေမှာဟာ ဒဏ်ရာရ ကစားသမားတွေ ခပ်မြန်မြန် ပြန်လာနိုင်ခြင်း ရှိ မရှိဖြစ်တယ်လို့ ကင်နီကြီးက မြင်ပါတယ်။
အယ်လီဆန်၊ ထရန့်၊ သီယေဂို၊ ဆိုဘိုစလိုင်၊ ကာတစ်ဂျုံး၊ ဂျိုတာ၊ ဆာလာ၊ ဒါဝင်တို့ဟာ ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရပြီး မတ်လပွဲကြပ်တွေအတွင်း အသင်းအတွက် သူတို့ထဲက အချို့ ပြန်လာနိုင်ဖို့ လိုအပ်နေပါတယ်။
ကင်နီကြီးက ပြောရာမှာ ” လီဗာပူးအတွက် အဓိက ခြိမ်းခြောက်မှုက ဒဏ်ရာပြဿနာတွေပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်အတွက်ကတော့ မန်စီးတီးကွင်းမှာ အာဆင်နယ် သွားရောက် ရင်ဆိုင်ရမှာက အရေးကြီးတဲ့ ပွဲကြီးပါပဲ။
အာဆင်နယ်က ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ လူတွေ ထင်နေကြတာကို ကျနော် နားမလည်ဘူး။ အာဆင်နယ်က ခြိမ်းခြောက်မှုပါ။ သူတို့က ခြိမ်းခြောက်နိုင်စွမ်းလည်း ရှိနေတဲ့ အသင်းပါ။
အာဆင်နယ်တို့ ဒဏ်ရာရ ကစားသမားတွေ စတင်ပြီး ပြန်လာနိုင်မလားနဲ့ လီဗာပူးက အဓိက ကစားသမားတွေကို ဆက်ပြီး ဆုံးရှုံးနေဦးမလား ဆိုတာဟာ ဖလားပြိုင်ဆိုင်မှုမှာ အဓိကကျပါတယ်။
မန်စီးတီးကိုလည်း ထည့်တွက်ရမှာပါ။ ဖလားပြိုင်ဆိုင်မှုအတွက် အရည်အချင်းကောင်းတွေနဲ့ အသင်း ၃ သင်းရထားတာ သိပ်ကောင်းပါတယ်။ ကလပ် ၃ သင်းက ဖလားအပြိုင် လုနေတာမျိုး မြင်ရတဲ့ လိဂ်တွေ သိပ်မရှိပါဘူး ” လို့ ဖြစ်ပါတယ်။