မန်နေဂျာတွေနဲ့ ခဏခဏ ရန်ဖြစ်တတ်သူကို အားကစား ဒါရိုက်တာသစ်အဖြစ် ခန့်မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဂျာမာန် ဝါရင့် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဂျော့ရှမတ်ကီကို အားကစားဒါရိုက်တာ ရာထူးအတွက် စကားပြောနေပြီလို့ The Athletic မှ James Pearce က ဖော်ပြလာပါတယ်။

အသက် ၅၉ နှစ်အရွယ် ဂျာမာန်သားဟာ ဂျူလီယန်ဝတ်နေရာ အစားထိုးဖို့ လီဗာပူးအသင်း အံ့ဩသင့်ဖွယ် ချိန်ဆက်လာခဲ့သူပါ။ ဒီနွေစျေးကွက်ကို ဂျူလီယန်ဝတ်က တာဝန်ယူခဲ့မှာဖြစ်ပေမယ့် မကြာခင်မှာ သူထွက်ခွာတော့မှာမို့ ၂၀၂၄ ကစပြီး ဒါရိုက်တာသစ်က တာဝန်ယူရမှာဖြစ်ပါတယ်။

ရှမတ်ကီ ဟာ ဂျာမာန်ကလပ်တွေဖြစ်တဲ့ Aachen, Hannover 96, FC Cologne နဲ့ Wolfsburg တို့မှာ အားကစားဒါရိုက်တာ ရာထူးကို တာဝန်ယူခဲ့ပြီး ကလော့ပ်နဲ့ ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

လက်တလော လီဗာပူးအသင်း ကစားသမား ခေါ်ယူရေး ကိစ္စတွေကိုတော့ အမှုဆောင်ချုပ် ဘီလီဟိုဂန်၊ FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်တို့နဲ့အတူ ကလော့ပ်က အတော်လေး ဝင်ပါနေပါတယ်။

ရှမတ်ကီ ကို ကလော့ပ်ရဲ့ မဟာမိတ်လို့ လူသိများပြီး သူဟာ ရတဲ့ အသုံးစရိတ်ကို အကျိုးရှိရှိ အသုံးချနိုင်သူအဖြစ် နာမည်ရထားပေမယ့် သူအလုပ်တွဲလုပ်တဲ့ မန်နေဂျာတွေနဲ့တော့ ပြဿနာတွေ တတ်တတ်သူအဖြစ်ပါ နာမည်ကြီးသူ ဖြစ်ပါတယ်။