မန်စီးတီးပွဲမှာ ပြန်ပါနိုင်မယ့် ဆာလာ၊ အတ်ဝပ်ထံက ထပ်မံ ငြင်းဆန်မှုပဲ ကြားရဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အယ်လီဆန်ရဲ့ ကြွက်သား ဒဏ်ရာဟာ ရာသီကုန်ထိ နားရမှာ မဟုတ်ပေမယ့် ကာလရှည် နားရလောက်အောင် ပြင်းထန်တယ်လို့ သိရပါတယ်။

မိုဆာလာဟာ ကြားရက် ယူရိုပါလိဂ် ဒါမှမဟုတ် နောက်အပတ် အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးပွဲလောက်မှာ ပါဝင်လာနိုင်မှာပါ။

မာကာကတော့ သူနဲ့ ဆာလာတို့ဟာ ကမ္ဘာ့ဖလားတုန်းက နယ်သာလန် တိုက်စစ်သမား Weghorst ကို မက်ဆီ ပြောခဲ့တဲ့ “ANDA PA ALLÁ, BOBO” ဆိုတဲ့ စကားလုံးနဲ့ အမြဲတမ်း စနောက်လေ့ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အဆိုပါ စကားရဲ့ အဓိပ္ပာယ်ကတော့ “ငရှုပ်ကောင် ဒိုးလိုက်တော့” ဆိုတာနဲ့ နီးစပ်ပါလိမ့်မယ်။

FSG ဘက်က တရားဝင် ချဉ်းကပ်မှု မမြင်ရသေးပေမယ့် မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းထံ ပြန်လာလိုခြင်း မရှိဘူးလို့ The Athletic က ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဟာ လူငယ်တွေကို နေရာပေးနိုင်ရေး ဒီနွေမှာ တိုက်စစ်သမား တစ်ဦးကို သေချာပေါက် ရောင်းချရလိမ့်မယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြနေပါတယ်။ ၎င်းတို့ ရည်ညွှန်းသူကတော့ မိုဆာလာ ဖြစ်ဖို့များပါတယ်။

ဆော်ဒီဘက်က ဒီနွေမှာ မိုဆာလာကို ခေါ်ယူလိုပေမယ့် အီဂျစ်သား တိုက်စစ်မှူးဟာ ဥရောပမြေမှာပဲ ဆက်လက် ကစားဖို့ ရည်မှန်းချက်ရှိနေပါတယ်။

အလွန်ဆိုနဲ့ ပတ်သက်လို့ သတင်းကြီးတွေ အတော်လေး ထွက်နေပေမယ့် လီဗာပူး ဒေတာအဖွဲ့က သူတို့ လုပ်စရာရှိတာ ဆက်လုပ်နေပြီး ဒီဇာဘီ၊ အာမိုရင်းတို့နဲ့ ပတ်သက်လို့လည်း အကဲဖြတ်နေဆဲ ဖြစ်ပါတယ်။