ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ အရေးပါတဲ့ ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။
အဲဗာတန်အသင်း ၁၀ မှတ်လျော့ကနေ ၆ မှတ်လျော့ ပြစ်ဒဏ် ပြောင်းလဲ ကျခံရတဲ့နောက် ဖောရက်စ်ဟာ တန်းဆင်းဇုန် အနီးကို ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ တန်းဆင်းဇုန် ရုန်းအား ပါဝင်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
ကာရာဘောင်းနဲ့ အက်ဖ်အေဖလားတွေအပြီး ဒီပွဲမှာတော့ နည်းပြကလော့ပ်ဟာ တတ်နိုင်သလောက် စီနီယာအသင်းသားတွေကို ပိုပြီး နေရာပေးလာမှာပါ။ ဒါပေမယ့် ဒဏ်ရာ ပြဿနာတွေက သူလုပ်ချင်သလို လုပ်ဖို့ အခွင့်အရေး မပေးပါဘူး။
ဂိုးသမား အယ်လီဆန် ကာလရှည် အနားယူရမယ်လို့ သိထားရပြီး ထရန့်လည်း မပါနိုင်သေးပါဘူး။ ကွင်းလယ်မှာ ကာတစ်ဂျုံး၊ ဂရာဗင်ဘက်ချ်တို့ အနားယူနေရကာ တိုက်စစ်မှာတော့ ဂျိုတာ၊ ဆာလာတို့ မပါနိုင်သေးပါဘူး။ သီယေဂို၊ မာတစ်တို့က ရာသီကုန်ထိ နားရဖွယ်ရှိသူတွေဖြစ်ပါတယ်။
ဒီပွဲမှာ ကလယ်ဟာဟာ အသင်းဂိုးပေါက်ကို တာဝန်ယူရဦးမှာပါ။ ခံစစ်ကတော့ ဘရတ်ဒလေ၊ ကိုနတေး၊ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ ဖြစ်လာဖွယ် ရှိပါတယ်။ ဘယ်အစွန်လူ ရိုဘိုဟာ ကြားရက်မှာ အဖျားဝင်ခဲ့တာမို့ ယူရိုပါလိဂ်ပွဲမှ ပါဝင်ဖွယ် ရှိပါတယ်။
ကွင်းလယ်လူ အန်ဒိုက ဒီပွဲမှာ ပွဲထွက်လူစာရင်းက ပြန်ပါလာနိုင်ဖွယ် ရှိပါတယ်။ ဆိုဘိုကတော့ လူစားဝင် ကစားဖွယ်ရှိနေပြီး မာကာနဲ့ ဘော်ဘီကလက်တို့ အန်ဒိုနဲ့အတူ ကွင်းလယ်ကို တာဝန်ယူဖွယ် ရှိပါတယ်။
တိုက်စစ်ကတော့ ဒီယက်စ်၊ ဂက်ပို၊ ဟာဗေးတို့ဖြစ်ကာ ဒါဝင်ကို အရန်လူစာရင်းက မြင်ရပါမယ်။ အကယ်လို့ ဒါဝင် ကြံ့ခိုင်နေရင်တော့ ဘော်ဘီကလက် နေရာ ဟာဗေးကို ကစားစေကာ ဒါဝင်က ဂက်ပို၊ ဒီယက်စ်တို့နဲ့ အသင်းတိုက်စစ်ကို ဦးဆောင်တာလည်း ဖြစ်လာနိုင်ပါတယ်။
ဖောရက်စ်ဟာ အိမ်ကွင်းအားကောင်းတဲ့ အသင်းဖြစ်ပြီး လီဗာပူးအသင်း အင်ပြည့်အားပြည့် မရှိသေးတဲ့ ဒီပွဲမှာ ရလဒ်ခွဲယူဖို့ အားထုတ်လာမှာကို သတိပြုရမှာ ဖြစ်ပါတယ်။
Potential Liverpool lineup to face Forest: Kelleher; Bradley, Konate, Van Dijk, Gomez; Endo, Mac Allister, Clark; Elliott, Gakpo, Diaz