ဆောင်းပါး | လီဗာပူး ကင်းထောက်တွေက ဥရောပ လိဂ်ကြီး (၅) ခုရဲ့ အပြင်ဘက်ကို ဘာလို့ မျှော်ကြည့်နေတာလဲ

၂၀၂၂ စပြီးနောက်ပိုင်း လီဗာပူးအသင်းဟာ အပြောင်းအရွှေ့အတွက် စုစုပေါင်း ပေါင် ၁၄၈ သန်း သုံးစွဲခဲ့ပြီး ပေါ်တူဂီဈေးကွက်က ကစားသမားတွေချည်းပဲ ပေါင် ၁၃၄ သန်းစာ ရှိခဲ့ပါတယ်။

ယခင် အပြောင်းအရွှေ့တွေတုန်းက လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကစားဟန်နဲ့ တူညီတဲ့ ရက်ဘူးလ် အနွယ် ကစားသမားတွေကို ဦးစားပေး ခေါ်ယူခဲ့ပါတယ်။ မာနေး၊ ကိတ်တာ၊ မီလ်နာမီနို၊ အီဘူးတို့လိုပေါ့။ ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ ပေါ်တူဂီလိဂ်ဘက်ကို ပိုအားသန်လာခဲ့ပါတယ်။

ဇန်နဝါရီမှာ လူးဝစ်ဒီယက်စ်က ပေါင် ၄၉ သန်းနဲ့ စတင်ရောက်ရှိလာခဲ့တယ်။ တကယ်တမ်းက ဒီနွေမှ ခေါ်ယူဖို့ဖြစ်ပေမယ့် ဆောင်းရာသီ ဈေးကွက်မှာတင် စပါးဘက်က ဒီယက်စ်ကို စိတ်ဝင်စားလာမှုကြောင့် လီဗာပူးဘက်က မူလ အစီအစဉ်ထက် ၆ လစောပြီး ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

ဒီယက်စ်ဟာ အန်ဖီးမှာ ခြေပေါ်ခဲ့တဲ့အပြင် အရှိန်အဟုန်ကောင်းတွေ ပြသခဲ့ပြီး ပရီးမီးယားလိဂ်မှာ လွယ်လွယ်ကူကူ အသားကျခဲ့ပါတယ်။ သူရောက်ရှိလာတာဟာ အဲ့ဒီ့အချိန်တုန်းက လီဗာပူး လိုအပ်နေခဲ့တဲ့ အားဆေးကို ထိုးပေးလိုက်သလိုဖြစ်ခဲ့ပြီး ယုံကြည်မှုအသစ်တွေ မြင့်တက်သွားစေခဲ့ပါတယ်။

ဒီရာသီသစ်မှာ သူ့အပေါ် နောက်ထပ် ဘာတွေ မျှော်လင့်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဒီနွေအစောပိုင်းမှာ လီဗာပူးဟာ နောက်တစ်ကြိမ် ပေါ်တူဂီထိပ်တန်းလိဂ်အတွက် ငွေသုံးစွဲခဲ့ပြီး ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူးညက်စ်ကို ပေါင် ၈၅ သန်းအထိ ပေးခေါ်ခဲ့ပါတယ်။ ပေါ်တူဂီဈေးကွက်ထဲကို လီဗာပူးအသင်း နောက်တစ်ကြိမ် ထပ်ဝင်ခဲ့တာက မတော်တဆ မဟုတ်ခဲ့ပဲ အသင်းဘက်က အတော်လေး စိစစ်ပြီး ဝင်ရောက်ခဲ့တာပါ။

လီဗာပူးအသင်းမှာ ပေါ်တူဂီရင်းမြစ်တွေ ကြွယ်ဝနေပြီးဖြစ်ပါတယ်။ ဒီယက်စ် မတိုင်ခင်ကတည်းက အားကစားဒါရိုက်တာ ဂျူလီယန်ဝပ်ဟာ ပေါ်တူဂီစကား ကျွမ်းကျင်သူဖြစ်ကာ ၂၀၀၈-၁၀ အထိ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်အတွက် စိစစ်အကဲဖြတ်ရေးနဲ့ နည်းစနစ် ကင်းထောက်ချုပ်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ကလော့ပ်ရဲ့ လက်ထောက်နည်းပြ ပက်လင်ဒါးဟာ ၂၀၁၄ မှာ ပေါ်တိုကနေ ရောက်ရှိလာခဲ့သူဖြစ်တယ်။ ဗီတို မာတို့စ်ကလည်း ၂၀၁၉ မှာ တိုးတက်ရေးဆိုင်ရာ နည်းပြအဖြစ် ပေါ်တိုကနေ လီဗာပူးကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ အသင်းတည်ဆောက်ရေးပိုင်းမှာ ပေါ်တူဂီဘောလုံးအမြင်ကို ထည့်သွင်းထားခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် ပေါ်တူဂီ ရင်းမြစ်တွေ ရှိခြင်းကပဲ လီဗာပူးအသင်းက ပေါ်တူဂီဈေးကွက်ထဲ ဝင်ရောက်လာခြင်း မဟုတ်ပါဘူး။

ဥရောပဘောလုံးလောကမှာ လိဂ်တွေရဲ့ အရွယ်အစားနဲ့ ပတ်သက်လာရင် ခိုင်မာတဲ့ အကဲဖြတ်မှု ရှိနေပါတယ်။ အဲ့ကတစ်ဆင့် အဆင့်ခွဲပေးထားတာက ဥရောပရဲ့ ထိပ်တန်း လိဂ်ကြီး ၅ ခုက ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေနဲ့ လီဂူးဝမ်း ဆိုပြီးအစဉ်လိုက်ပါ။

ထိပ်တန်းလိဂ် ၅ ခုကနေ ကစားသမားတွေကို ခေါ်ယူဖို့ဆိုရင် ကလပ်တွေအတွက် ပြောင်းရွှေ့ကြေးရော လစာပါ အများကြီး ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ ထိပ်တန်းလိဂ် ၅ ခုပြီးရင် နံပါတ် ၆ နေရာမှာရှိနေတာက ပေါ်တူဂီရဲ့ ပရီမီယာလီဂါပါပဲ။ နောက်ပြီး ဒီလိဂ်ဟာ တောင်အမေရိကသားတွေရဲ့ ပထမဆုံး ခြေချရာ ဥရောပလိဂ်လည်းဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေ သတိမထားမိကြပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်၊ ကွာတားအဆင့်တွေကို တက်ရောက်လာတဲ့ ဥရောပအသင်းတွေထဲမှာ ပေါ်တူဂီလိဂ်က ကလပ်တွေရဲ့ ပါဝင်နိုင်စွမ်းက မြင့်မားပါတယ်။ ပေါ်တူဂီက ပေါ်တို၊ ဘင်ဖီကာတို့ဟာ အဲ့အဆင့်ကို အမြဲလိုလို ရောက်လာတတ်ကြပါတယ်။ ဥရောပပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့်တွေမှာ ပေါ်တူဂီလိဂ်ရဲ့ ကစားသမားတွေက ပါဝင်ယှဉ်ပြိုင်နေကျ ဖြစ်ပါတယ်။

FSG လိုမျိုး နာမည်ကြီးပြီးသား ကစားသမားတွေကို အစွဲအလမ်းမရှိတဲ့ သူတွေအတွက် ပေါ်တူဂီလိဂ်က နံပါတ်တစ်ပါပဲ။ ဒီလိဂ်ဟာ ငွေသုံးစွဲဖို့ ယုံကြည်မှု ပိုရှိတဲ့ နေရာ၊ ဥရောထိပ်တန်းလိဂ်တွေမှာ သူတို့ရဲ့ ထိုက်တန်မှုကို သက်သေပြဖို့ အချိန်မတိုင်ခင် အလယ်အလတ်တန်း ကစားသမားအဖြစ် ဖိအားကင်းကင်း ကစားနိုင်တဲ့ နေရာဖြစ်ပါတယ်။

အရင်တုန်းက ဟားမက်စ် ရိုဒရီဂွက်ဇ်နဲ့ ဘာနာတိုတို့လို ကစားသမားတွေ ဖြစ်ခဲ့တာကိုကြည့်ရင် သူတို့က ပေါ်တူဂီအကယ်ဒမီတစ်ခု ဒါမှမဟုတ် တောင်အမေရိကနေ လာမယ်။ စီနီယာအဆင့်မှာ နေရာရလာရင် မိုနာကိုလို အလယ်အလတ်အသင်းကို ပြောင်းပြီး ခြေစွမ်းပြလာပြီးမှ လီဗာပူးနဲ့ တန်းညီတဲ့ ကလပ်တွေထံ ထပ်ပြောင်းပါတယ်။

ဒီနေ့ခေတ်မှာတော့ ကြားခံအသင်းတွေကို ကျော်လွှားပြီး ဥရောပကလပ်တွေဟာ ပေါ်တူဂီကနေ ကစားသမားတွေကို တိုက်ရိုက် ဝယ်လာကြပါပြီ။ ဒါဟာ ငွေပိုချွေတာရာ ရောက်ပြီး အရည်အချင်းရှိ ကစားသမားတွေကို ငယ်ငယ်ရွယ်ရွယ်မှာတင် ရတတ်ပါတယ်။ ဂျိုတာဟာ ဒီလိုအနေထားနဲ့ ဝုဗ်ကို ရောက်လာပြီး ကာဗယ်ရိုကလည်း အင်္ဂလန်မှာ အခြေချဖို့ ကြိုးစားလာခဲ့တယ်။

တစ်ခုသော ခြွင်းချက်ကတော့ ကစားသမားတွေအတွက် လိုချင်သလောက် ရအောင်တောင်းတတ်တဲ့ ဘင်ဖီကာလိုအသင်းမျိုးပါပဲ။ ဒါဝင်နူးညက်စ်က ဥပမာပေါ့။ သူတို့ဟာ ဂျွာအိုဖီးလစ်အတွက် အက်သလက်တီကိုထံကနေလည်း ယူရို ၁၂၅သန်း ရခဲ့တယ်။ ဒါဝင်အတွက် ယူရိုသန်း ၁၀၀ လောက်ရပါတယ်။

ဒါပေမယ့် ပေါ်တူဂီအသင်းတိုင်းက ဈေးတောင်းတတ်တာ မဟုတ်ပါဘူး။ ပေါ်တိုက ဈေးကောင်းကို မခေါ်တတ်လို့ အတော်လေး ဝေဖန်ခံရတယ်။

လူးဝစ်ဒီယက်စ်လို ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး ကစားသမားအတွက် ပေါ်တိုဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးဟာ တကယ့်ထိုက်တန်တဲ့ တန်ကြေးနဲ့ နီးတောင်မနီးစပ်ခဲ့ဘူး။ ဗီတင်ညာက ယူရိုသန်း ၄၀ နဲ့ ပီအက်စ်ဂျီကို ရောက်ခဲ့တယ်။ သူက အဲ့ထက်အများကြီး ပိုတန်ပါတယ်။

လီဗာပူးက ပါးနပ်တဲ့ကလပ်ပါ။ တူးဖော်လို့ရနိုင်တဲ့ မြေအောက် ကျောက်ရိုင်းတုံးတွေကို ရရှိဖို့ ပေါ်တူဂီမှာ ရှာဖွေတယ်။ လီဗာပူးအသင်းတွင်းမှာ ပေါ်တူဂီရဲ့ လွှမ်းမိုးမှုကလည်း ကြီးပါတယ်။ ဒါကြောင့်ပဲ ဒီကာလတွေမှာ စပို့တင်းက မက်သရူးစ် နူးညက်စ်တို့နဲ့ သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်းလိဂ် ၅ခု ပြင်ပ ကလပ်အသင်းက ကစားသမားတွေကို ဝယ်ယူတာဆိုပေမယ့် အဲ့ဒီ့ကလပ်တွေဟာ သာမာန် အသင်းငယ်တွေ မဟုတ်ပါဘူး။ ဘင်ဖီကာ၊ ပေါ်တိုနဲ့ စပို့တင်းဆိုတာက ဥရောပမှာ ထိပ်သီးဆိုတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေသလို သူတို့ရဲ့ အကယ်ဒမီတွေက ဥရောပရဲ့ ကြယ်ငါးပွင့် အကယ်ဒမီတွေကို လိုက်မီနိုင်စွမ်း ရှိပါတယ်။ လီဗာပူးက ဒီယက်စ်နဲ့ နူးညက်စ်၊ မန်စီးတီးက ရူဘင်ဒီယက်စ်တို့ကို ခေါ်ယူခဲ့တာတွေက သက်သေတွေပါပဲ။

အင်္ဂလန်ကလပ်တွေအတွက် နောက်ထပ် အကောင်းမြင်စရာက တောင်အမေရိကသားတွေဟာ ပေါ်တူဂီလိဂ်တွေမှာ သူတို့ရဲ့ အစိုးရအဖွဲ့အစည်း ထောက်ခံချက် (GBE) ကို တည်ဆောက်နိုင်ခဲ့တာပါ။ ဒါကြောင့် အနာဂတ်မှာ လုပ်ခ ဗီဇာတွေအတွက် စိုးရိမ်စရာ မရှိတာဖြစ်ပါတယ်။