ပွဲပြီးခါနီးပြီဆိုပြီး လီဗာပူးကိုတော့ သွားမလုပ်နဲ့ ဖောရက်စ်လို ခံသွားရမယ်လို့ ဝေဖန်ရေးသမားတွေ သတိပေး

လီဗာပူးအသင်းကို ရင်ဆိုင်ရပြီဆိုရင် ပွဲပြီး ခရာမမှုတ်သ၍ ဘောလုံးတိုင်းကို အာရုံစိုက်ထားဖို့ လိုအပ်တယ်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေက သတိပေးစကား ထုတ်ပြောခဲ့ပါတယ်။

ဖောရက်စ်ကို ဒါဝင် နူးညက်စ်ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးဖြင့် အနိုင်ရအပြီးမှာ ဘောလုံးသမားဟောင်းတွေက ဒါဟာ လီဗာပူး ပုံမှန်လုပ်နေကျ ကိစ္စပါပဲလို့ ပြောလာခဲ့တာပါ။

ဘရိုက်တန်ကစားသမားဟောင်း မူရေးက ” ပွဲချိန် ၉၇ မိနစ် ရောက်နေလည်း လီဗာပူးက မင်းအသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးမှာပဲ။ လီဗာပူး မဟုတ်ဘဲ အနိုင်ရတဲ့အသင်းက ဖောရက်စ်ဆိုရင်လည်း သူတို့ သိပ်ကို ပျော်နေမှာပဲ။

အနိုင်ရလဒ်ဆိုတာက နှစ်သင်းလုံး လိုချင်နေခဲ့ကြတာပါ။ ဒီအခြေအနေမှာတော့ ယာဂင်ကလော့ပ် လုပ်သမျှက အဆင်ပြေသွားခဲ့တာပါပဲ။ သူ့တို့လက်ထဲမှာ သိပ်ကောင်းတဲ့ နိုင်ပွဲ ရောက်သွားခဲ့ပါတယ် ” လို့ ပွဲအပြီး မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးလို အသင်းကို ရင်ဆိုင်ကစားရင် နောက်ဆုံးမိနစ် နောက်ဆုံး စက္ကန့်ဆိုပြီး ပေါ့ဆလို့ ဘယ်တော့မှ မရကြောင်း ပြိုင်ဘက် ကစားသမားဟောင်းက ဘီဘီစီကနေ ပြောခဲ့ပါသေးတယ်။

အင်္ဂလန်နဲ့ မန်စီးတီးအသင်း ခံစစ်မှူးဟောင်း Nedum Onuoha ကလည်း ” မက်ကယ်လစ္စတာကတော့ တကယ့် အရည်အချင်း အပြည့်နဲ့ ကစားသမားပါကွာ။ ကမ္ဘာ့ဖလား အနိုင်ရ ကစားသမားတစ်ယောက် ဆိုတာ ဘယ်လိုလဲ သူ ဒီပွဲမှာ ပြသွားခဲ့တာပါ။

ပွဲချိန် ၉၉ မိနစ် ရောက်နေခဲ့ပါပြီ။ လီဗာပူးအတွက်ကတော့ ဘယ်တော့မှ ပွဲပြီးသွားပြီဆိုတာ မရှိကြောင်း ပြသသွားခဲ့တာပါပဲ ” ဆိုပြီး ထင်မြင်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ မန်စီးတီး၊ အာဆင်နယ်လို အနီးကပ် ပြိုင်ဘက်တွေထက် အရင်ကစားပြီး ၄ မှတ်နဲ့ ၅ မှတ်တွေ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။