သမိုင်းတွင်တဲ့ ဒါဝင် သွင်းဂိုး၊ ဒိုင်လူကြီးဟောင်းရဲ့ စွပ်စွဲချက်၊ အကောင်းဆုံးဆုရှင်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

နော်တင်ဟမ်ဖောရက်စ်ပွဲမှာ လီဗာပူးပရိသတ်တွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ဒါဝင် နူးညက်စ်က ရရှိပါတယ်။

ဖောရက်စ်ပွဲအပြီးမှာ မာကာက ” ပွဲမပြီးသေးသ၍ မပြီးသေးပါဘူး။ ငါတို့က လီဗာပူးဘောလုံးအသင်းပါ။ ငါတို့ရဲ့ နံပါတ် ၉ ပြန်လာပါပြီ ” လို့ ကြွေးကြော်လိုက်ပါတယ်။

ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ မိနစ် ၉၀ အနိုင်ဂိုး သွင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၁၈ ပွဲ ရှိပါတယ်။ ဒါဟာ သူ့လက်ထက်အတွင်း ဘယ်အသင်းထက်မဆို ပိုများပါတယ်။

ဒါဝင် နူးညက်စ်ရဲ့ ပွဲချိန် ၉၀+၈ မိနစ်မှာ သွင်းယူတဲ့ အနိုင်ဂိုးဟာ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီကစတင်တဲ့ Opta မှတ်တမ်းမှာ ပွဲချိန် နောက်အကျဆုံး အနိုင်ဂိုးအဖြစ် မှတ်တမ်းဝင်ပါတယ်။

နည်းပြကလော့ပ်ကတော့ ဖောရက်စ် ပရိသတ်တွေက ဒါဝင်ကို လှောင်ပြောင်မှုကို တုန့်ပြန်လိုက်ပြီး သူဆိုရင် ဒါဝင် ကောင်ဆိုးလေး သွေးပူလာအောင် သွားစမှာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

ဖောရက်စ်ပွဲမှာ ကိုနတေး ဦးခေါင်း ဒဏ်ရာကြောင့် လဲကျခဲ့လို့ ပြိုင်ပွဲရပ်နားအပြီး ပွဲပြန်စချိန် ဘောလုံးကို ပြိုင်ဘက်ထံ ပြန်မပေးခဲ့လို့ ဒိုင်လူကြီးဟောင်း ကလန်တန်ဘက်က ဝေဖန်ခဲ့ပါတယ်။

သူ ထောက်ပြတာ မမှားပေမယ့်လို့ ကိုနတေးဟာ ခေါင်းကို ခြေထောက်နဲ့ အကန်ခံရပြီး လဲကျခဲ့ခြင်းဖြစ်ကာ ဒီဖြစ်ရပ်အတွက် လီဗာပူးက ပြစ်ဒဏ်ဘော ရသင့်ပြီး မှန်ကန်တဲ့ အနေအထားကနေ ဂိုးသွင်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

နာမည်ကြီး အာဆင်နယ်ပရိသတ် အကောင့်တစ်ခုဟာ X လူမှုကွန်ယက်ကနေ သရရလဒ်ထွက်နေတဲ့ ဖောရက်စ်ပွဲ နောက်ဆုံး မိနစ်တွေကို ပျော်ပျော်ကြီး ထိုင်ရေတွက်နေခဲ့ရာက ဒါဝင် နူးညက်စ်က အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။

ဒီရာသီ ကလယ်ဟာ၊ ဗန်ဒိုက်၊ ကိုနတေးတို့ တွဲကစားထားတဲ့ ၇ ပွဲလုံးကို လီဗာပူးအသင်း ရာနှုန်းပြည့် နိုင်ထားပါတယ်။ ဒီအတွင်း ခံစစ်ပေးဂိုးကလည်း ၁ ဂိုးပဲ ရှိထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အန်ဖီးကွင်းမှာ လီဗာပူးကို ၇-၀ ဖြင့် အရေးနိမ့်ပေမယ့် ဒီရာသီ လီဗာပူးက သူတို့ကို အနိုင်မရခဲ့တာကို ဂွာဒီယိုလာက ထောက်ပြပြီး ယူနိုက်တက်ကို အထင်မသေးဖို့ သတိပေးပါတယ်။