NEWS: ဆာလာ ကိစ္စ လီဗာပူးနဲ့ အီဂျစ်ဘောလုံးအသင်း ထိပ်တိုက်တွေ့ပြန်ပါပြီ

လီဗာပူးအသင်းဟာ မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ ဆာလာကို လက်ရွေးစင် လူစာရင်းကနေ ထုတ်ပယ်ပေးဖို့ အီဂျစ် လက်ရွေးစင်အသင်းကို တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

အာဖရိကဖလား ပြိုင်ပွဲကနေ တံကောက်ကြော ဒဏ်ရာနဲ့ ပြန်ရောက်လာတဲ့ ဆာလာဟာ ဘရန့်ဖိုဒ့်ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ၄၅ မိနစ်ကလွဲရင် ၂၀၂၄ ခုနှစ်အတွင်း လီဗာပူးအတွက် လုံးဝ ပွဲထွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။

အခုကစလို့ မတ်လ နိုင်ငံတကာ သီတင်းပတ်ကြားမှာ လီဗာပူးအသင်းက ပွဲစဉ် ၄ ပွဲ ရှိနေပါတယ်။ အီဂျစ်ကတော့ ဆာလာကို လူစာရင်းအတွက် ရွေးချယ်ထားပါပြီ။ နိုင်ငံတကာ သီတင်းပတ်မှာ သူတို့ ကစားရမှာက UAE နဲ့ ချစ်ကြည်ရေးပွဲတင် ဖြစ်ပါတယ်။

အီဂျစ်အသင်းကတော့ လီဗာပူးဘက်က တောင်းဆိုမှုကို ရရှိခဲ့ကြောင်းနဲ့ သူတို့ကတော့ ဆာလာကို အနားပေးမယ် ကတိမပေးနိုင်ဘဲ နည်းပြဖြစ်သူ အလိုရှိရင် ဆေးအဖွဲ့နဲ့ စစ်ဆေးမှုလုပ်ကာ လက်ရွေးစင်အတွက် ခေါ်ယူသွားမှာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

လက်ရှိ အီဂျစ်နည်းပြ Hossam Hassan ဟာ အာဖရိကပြိုင်ပွဲအတွင်း ဆာလာကို လီဗာပူး ပြန်ခေါ်ယူ ဆေးကုပေးခဲ့ခြင်းကို ပြင်းထန်စွာ ဝေဖန်ခဲ့သူပါ။ သူကတော့ ဆာလာဟာ ပြိုင်ပွဲ ပြီးဆုံးတဲ့ထိ အီဂျစ်မှာပဲ ဆက်ရှိနေခဲ့သင့်တာလို့ လီဗာပူးကိုပါ အပြစ်တင်ထားခဲ့သေးတာ ဖြစ်ပါတယ်။