လီဗာပူး ဂိုးမသွင်းမချင်း ဒိုင်က ပွဲပေးမပြီးဘူးလား ဝေဖန်တဲ့ ပြိုင်ဘက်ပရိသတ်ကို လီဗာပူးပရိသတ်တွေ ချက်ကျလက်ကျ တုန့်ပြန်

နော်တင်ဟမ် ဖောရက်စ် ၀-၁ လီဗာပူးပွဲအတွင်းမှာ အာဆင်နယ်ပရိသတ် တစ်ဦးရဲ့ ဒေါသဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေး ပွဲဖြစ်ခဲ့ပါတယ်။

မနေ့ညကပွဲ နာကျင်အချိန်ပို အရောက်မှာ X လူမှုကွန်ယက်ပေါ်က တစ်ဆင့် အာဆင်နယ်ပရိသတ် အကောင့်ဖြစ်တဲ့ ‘WelBeast’ ဟာ ပွဲနောက်ဆုံး မိနစ်တွေကို Countdown လုပ်ခဲ့တာပါ။

‘WelBeast’ က ၅ မိနစ်ပဲကျန်တယ်၊ ၄ မိနစ်ပဲကျန်တယ်၊ ၃ မိနစ်ပဲကျန်တယ်၊ ၂ မိနစ်ပဲကျန်တယ်၊ ၁ မိနစ်ပဲကျန်တယ်လို့ ပျော်ရွှင်နေရာကနေ ဒါဝင် နူးညက်စ် ဂိုးသွင်းသွားချိန်မှာ စိတ်ပျက်စွာဖြင့် “For fxcks sake” ဆိုပြီး ပေါက်ကွဲသွားခဲ့တာပါ။

နောက်ဆုံးမိနစ် သွင်းဂိုးအတွက် သူ့ရဲ့ စိတ်ပျက်စွာ ပေါက်ကွဲမှုဟာ ဟာသသက်သက်အဖြစ်ပဲ ရယ်မောကြပေမယ့် ပွဲအပြီး သူ့ရဲ့ နောက်ထပ် ထင်မြင်ချက်ကတော့ လူမှုကွန်ယက်မှာ ပွဲဖြစ်ခဲ့ပါတယ်။

၎င်းကပဲ အချိန်ပို ၈ မိနစ်ပေးမှုအတွက်ကော အချိန်ပို ၈ မိနစ် ၃၅ စက္ကန့်မှ ဒါဝင် ဂိုးသွင်းမှုကိုပါ ရည်ရွယ်ပြီး ” ကလော့ပ်ရဲ့ နှုတ်ဆက်ပွဲကြောင့် လီဗာပူး ဂိုးမသွင်းမချင်း ပွဲပြီးခရာ မမှုတ်ပေးခဲ့တာလား ” လို့ ဒေါသတကြီး ရေးသားခဲ့တာပါ။

လီဗာပူးပရိသတ် အချို့ကတော့ ဖောရက်စ်တို့ တောက်လျှောက် အချိန်ဆွဲမှုနဲ့ အချိန်ပို ၈ မိနစ်မှာတင် အချိန်ဆွဲလို့ အဝါကတ် ၂ ကတ် ပြသခံရသေးတာတွေကြောင့် အချိန်ပိုဟာ ၈ မိနစ်ကို ကျော်သွားသင့်ပါတယ် အဲ့ထက်ပိုတောင် ရခဲ့သင့်ပါတယ်လို့ ဝင်ရောက် မှတ်ချက်ပေးကြတယ်။

တချို့ကလည်း ” လူတန်တောင်းနဲ့ အဝေးကွင်းပွဲမှာ အာဆင်နယ်တို့ နောက်ကျ အနိုင်ဂိုး သွင်းတုန်းကလည်း အချိန်ပိုမိနစ်ကို ကျော်နေပြီးမှ ဂိုးသွင်းခဲ့တာ၊ မင်းတို့တုန်းက ရပြီး ငါတို့အသင်းကျ ဘာလို့ မရသင့်တာလဲ?” လို့ ထောက်ပြခဲ့ကြတယ်။

ခပ်လှောင်လှောင် လီဗာပူးပရိသတ်တွေကတော့ “မင်းကြေကွဲနေတာ မြင်ရတာ သိပ်ဝမ်းသာတယ်။ ” “ငါတို့အသင်းပွဲကို အခုလို ကြည့်ရှုအားပေးတာအတွက် ကျေးဇူးတင်တယ်။ ” စသဖြင့် တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။