ဆောင်းပါး | အတိတ်က အပြောင်းအရွှေ့တွေမှာ နာမည်ကျော်တွေကို စည်းရုံးဖို့ ကျရှုံးခဲ့တဲ့ လီဗာပူး

စတီဗင်ဂျရတ်ဟာ အပြောင်းအရွှေ့တွေမှာ သူ့ရဲ့စကားလုံးတွေကို သေချာဂရုစိုက်ပါတယ်။ လီဗာပူး အသင်းခေါင်းဆောင်၊ သက်ရှိဂန္တဝင်အဖြစ် အဓိက နာမည်အကြီးဆုံး ကစားသမားတစ်ယောက်အနေနဲ့ သူဟာ ကလပ်ရဲ့ အပြောင်းအရွှေ့တွေမှာ နောက်ကွယ်က စည်းရုံးသူတာဝန်အတွက် အသားကျနေခဲ့တာပါ။

“နွေရာသီတိုင်း အဲ့ဒီ့လိုပါပဲ။ ကလပ်က သူတို့စိတ်ထဲမှာရှိတဲ့ ရေရှည်ပစ်မှတ်ကို ကျွန်တော့်ကို ပြောပြပြီး သူနဲ့ ဆက်သွယ်ဖို့ တောင်းဆိုပါတယ်။ လီဗာပူးကို ပြောင်းရွှေ့ဖို့ စဉ်းစားပေးဖို့ တောင်းဆိုမှုက ကျွန်တော့်ဆီကလာရင် ပိုပြီး သက်ရောက်မှုရှိလိမ့်မယ်လို့ သူတို့ ထင်ခဲ့တာပါ” လို့ ဂျရတ်က သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ၂၀၁၆ ထဲမှာ ရေးသားခဲ့ပါတယ်။

၂၀၁၄ နွေရာသီမှာ လီဗာပူးခေါ်ယူလိုတဲ့ ရေရှည်ပစ်မှတ်က အလက်ဆစ် ဆန်းချက်ပါ။ အဲ့ဒီ့တုန်းက ဘာစီလိုနာ ကစားသမားဟာ လူးဝစ်ဆွာရက်ဇ်အတွက် အသင့်တော်ဆုံး အစားထိုးစရာအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံးရာသီအတွင်း ၃၁ ဂိုးသွင်းယူပေးခဲ့တဲ့ ဆွာရက်ဇ် နေရာမှာ အပြည့်အဝ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲဆိုတာ လီဗာပူးက သိထားခဲ့ပါတယ်။

“ ကျွန်တော်တို့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ရဖို့ လိုအပ်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ တိုက်ရိုက်အစားထိုးနိုင်မယ့်သူပေါ့။ လူးဝစ်ရဲ့ နေရာကို အစားထိုးဖို့က အရမ်း ခက်ခဲမှာပါပဲ။ အလက်ဆစ်က အဲ့ဒီ့လို ကစားသမားမျိုး ဖြစ်ခဲ့ပါတယ်။ သူ့ကို ရပြီလို့ ကျွန်တော်တို့ ထင်ခဲ့တာပါ ” လို့ ၂၀၁၆ မှာပဲ ရော်ဂျာက ပြောဆိုခဲ့ပါတယ်။

ဆန်းချက်က ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း သူ့ကိုယ်စားလှယ်တွေက ပြောပြခဲ့တာနဲ့အတူ လီဗာပူးက ဆန်းချက်ကို ခေါ်ယူနိုင်ရေး သူတို့မှာ အခွင့်အရေးရှိတယ်လို့ ခံစားခဲ့ရပါတယ်။

ဘာစီလိုနာနဲ့ ကနဦး ဆွေးနွေးမှုအရ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ရှိခဲ့ပြီး ကစားသမားရဲ့ လစာတောင်းဆိုမှုက များပြားခဲ့ပေမယ့် လီဗာပူးက တတ်နိုင်တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ဂျရတ်ဟာ ဘရာဇီးမှာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ကစားနေခဲ့ပေမယ့်လဲ သူလုပ်နိုင်တာကို လုပ်ပေးခဲ့ပါတယ်။

“ ကျွန်တော် ဆန်းချက်နဲ့ ခက်ခက်ခဲခဲ စကားပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ၂၀၁၃-၁၄ ရာသီလိုမျိုး ဆက်ပြီး လုပ်နိုင်ဦးမယ်လို့ မျှော်လင့်ခဲ့တာပါ။ ဆန်းချက်ရဲ့ တုံ့ပြန်ပုံက ကောင်းမွန်ခဲ့ပါတယ်။ သူ့အင်္ဂလိပ်စကားက ကောင်းတယ် ကျွန်တော်တို့ စာတွေ အသေးစိတ် အပြန်အလှန် ပို့ခဲ့ကြပါတယ်။

အာဆင်ဝင်းဂါးကလည်း သူ့ကို လိုက်နေတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့တယ်။ ဝင်းဂါးက ဘရာဇီးကို လိုက်လာပြီး သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါတယ်” လို့ ဂျရတ်က ရေးသားခဲ့ပါတယ်။

အဲ့ဒီ့တုန်းက လီဗာပူးနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ အမှုဆောင်ချုပ် အီယန်အေရီတို့ဟာ ကမ္ဘာ့ဖလားအတွက် ရီယိုဒီဂျနေးရိုးမှာ အထိုင်ချကာ ရှိနေခဲ့ကြပေမယ့် ဝင်းဂါးကတော့ ဆန်းချက်သွားတဲ့နောက်ကို တောက်လျှောက်လိုက်နေခဲ့တယ်။ လီဗာပူးနဲ့အပြိုင် သူ့ကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်ရဲ့ ဆန္ဒကို အလေးပေး သိစေခဲ့ပါတယ်။

“ကျွန်တော့် ကစားသမားဘဝက အဆုံးသတ်တော့မယ်ဆိုတာ သူက နားလည်ထားခဲ့ပြီး သူ့အနေနဲ့ လီဗာပူးနဲ့ စာချုပ်မချုပ်ခင် သေချာ စဉ်းစားဖို့လိုတယ်ဆိုတာ သိခဲ့ပါတယ်။ သူက လီဗာပူးရဲ့ အနာဂတ်ကို မသေမချာ ဖြစ်နေခဲ့ပြီ အာဆင်နယ်အပေါ်မှာ အများကြီး ပိုပြီး ယုံကြည်မှုရှိခဲ့ပါတယ်။

ဆန်းချက် ပွင့်ပွင့်လင်းလင်း ပြောတာကို ကျွန်တော် အသိအမှတ်ပြုခဲ့ပါတယ်။ အာဆင်နယ်ကို ပြောင်းရင် လန်ဒန်မှာ နေရမှာက သူနဲ့ သူ့ကောင်မလေးအတွက် နောက်ထပ် ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ဂျရတ်က ပြောပြခဲ့တယ်။ သူ့အတွက် ဆန်းချက်ရဲ့ ငြင်းဆန်မှုက စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး နာကျင်စရာ အမှန်တရား အနည်းငယ်ကို လက်ခံခဲ့ရတာပါ။

ရော်ဂျာလက်အောက်မှာ လီဗာပူးတို့ ဆက်လက် အောင်မြင်ပါ့မလားဆိုတာာကို ဆန်းချက် သံသယ ဝင်နေခဲ့တာက မှန်ကန်ခဲ့ပြီး မကြာခင် ဂျရတ် ထွက်သွားတော့မယ်ဆိုတာကို ပါးပါးနပ်နပ် နားလည်ခဲ့တာပါ။ အဆုံးသတ်မှာ ဆွာရက်ဇ်ကို အစားထိုးဖို့ လီဗာပူးရဲ့ ကြိုးပမ်းမှုက အိမ်မက်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမယ့်လို့ ဂျရတ် စည်းရုံးပေးခဲ့ရတဲ့ ကစားသမားများစွာထဲမှာ ဆန်းချက်က တစ်ခု အပါအဝင်ဖြစ်ပြီး ချယ်ဆီးကစားသမားဟောင်း ဝီလီယံ အပါအဝင် များစွာသော ကြယ်ပွင့်တွေကိုလည်း ဂျရတ်က စကားပြောပေးခဲ့ရပါသေးတယ်။

ဆန်းချက်ကို မရတဲ့နောက် ဘာလော့တယ်လီက အန်ဖီးကို ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ် တစ်ဂိုးသာ သွင်းယူခဲ့ပြီးတယ်။ အဲ့ဒီ့နွေရာသီမှာ လီဗာပူး ခေါ်ယူထားတဲ့ တခြား တိုက်စစ်ကစားသမားဖြစ်တဲ့ ရစ်ကီ လမ်ဘတ်ဟာလည်း ထိရောက်မှု မရှိခဲ့ပါဘူး။ ဆန်းချက်ကတော့ အာဆင်နယ်မှာ အထိုင်ကျခဲ့ပြီးနောက် ပထမရာသီအတွင်း ၂၅ ဂိုး သွင်းယူခဲ့ပါတယ်။

“သူက ကျွန်တော်တို့အတွက် ပြီးပြည့်စုံခဲ့မှာပါ ” လို့ ရော်ဂျာက ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဒါက လွမ်းဆွတ်စရာ ဇာတ်လမ်း မဟုတ်တော့ပါဘူး။ လီဗာပူးအသင်းဟာ ကလပ်ရဲ့ နည်းလမ်းနဲ့ ကိုက်ညီမယ်ဆိုရင် ဘယ်ကစားသမားကိုမဆို စိတ်ကြိုက် ခေါ်ယူနိုင်တဲ့ အခြေအနေ ရောက်လာခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် အတိတ်က နာကျင်ရမှုတွေကို မမေ့ခြင်းက ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့ တွန်းအားတွေဖြစ်စေမှာပဲ ဖြစ်ပါတယ်။