လီဗာပူးအသင်းရဲ့ ပိုင်ရှင်အဖွဲ့ဖြစ်တဲ့ FSG ဟာ အကြီးအကဲ ရာထူးပိုင်း နေရာတွေကို အပြောင်းအရွှေ့ ပြုလုပ်လာနေပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်း CEO ဖြစ်တဲ့ Billy Hogan ဟာ FSG International ရဲ့ CEO ရာထူးကို တိုးမြင့်ရရှိသွားခဲ့ပါပြီ။ ဟိုဂန်ဟာ လီဗာပူးအသင်းတင် မဟုတ်ဘဲ FSG လက်အောက်က အခြားသော အားကစားအဖွဲ့တွေရဲ့ CEO အဖြစ်ပါ တာဝန်ယူရတော့မှာပါ။
၂၀၂၂ မှာ ပီတာမိုးနေရာ ဝင်ယူပြီး လီဗာပူးအသင်း CEO ဖြစ်လာတဲ့ ဟိုဂန်ဟာ ဒီနှစ်တွေအတွင်း ကလပ်ရဲ့ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦး ဖြစ်ပါတယ်။
FSG ဘက်က ဟိုဂန်ရဲ့ လီဗာပူးအသင်း CEO ရာထူးကို တစ်ဦးဦးနဲ့ အစားထိုး ခန့်အပ်တာမျိုး လုပ်လာနိုင်သလို ဟိုဂန်ကိုပဲ အဆိုပါ ရာထူးဟောင်းကိုပါ ပူးတွဲ ကိုင်တွယ်စေကာ ဘော့စတွန်ကနေ အုပ်ချုပ်မှုအာဏာကို ဆုပ်ကိုင်တာလည်း ဖြစ်လာနိုင်ပါတယ်။
မှန်းဆချက်တွေမှာတော့ မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းကို ပြန်လာရမယ်ဆိုရင် အားကစားဆိုင်ရာ လုပ်ပိုင်ခွင့် အပြည့်ရလိုနေပါတယ်။ ဟိုဂန်ကို ရာထူးတိုးပေးလိုက်ခြင်းကြောင့် လီဗာပူးရဲ့ CEO အသစ်ဟာ မိုက်ကယ်အတ်ဝပ် ဖြစ်လာနိုင်တယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။
လီဗာပူးအသင်းကတော့ မတ်လ အကုန်မှာ ကလပ်ရဲ့ အားကစားဒါရိုက်တာ ရာထူးကို အပြီးသတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။ အားကစားဒါရိုက်တာသစ်ဟာ ကလော့ပ်နေရာ အစားထိုးရမယ့် နည်းပြ ဘယ်သူဖြစ်လာသင့်သလဲအား သုတေသနဌာနရဲ့ အကူအညီနဲ့ ရွေးချယ် ကြိုးစားပေးပါမယ်။
လီဗာပူးအသင်း CEO အဖြစ် အတ်ဝပ် ပြန်ရောက်လာရင်တော့ ဂျွန်ဟင်နရီ၊ တွမ်ဝါနာတို့အပြင် FSG အဖွဲ့ ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်, FSG International ရဲ့ CEO ဘီလီဟိုဂန်နဲ့ မိုက်ကယ်အတ်ဝပ်တို့ဟာ ကလပ်ရဲ့ အရေးအကြီးဆုံး တာဝန်ရှိသူတွေ ဖြစ်လာနိုင်ပါတယ်။