လီဗာပူးအသင်းရဲ့ ပထမပိုင်း ၄၅ မိနစ်နဲ့ ဒုတိယပိုင်း ၄၅ မိနစ်ကြား ကွာဟချက်ကြီး ထွက်ပေါ်

ဒီရာသီ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ပထမပိုင်း ၄၅ မိနစ်မှာ ရမှတ် ယူနိုင်စွမ်း အားနည်းချက်ရှိပြီး ဒုတိယပိုင်းမှာ အပြောင်းအလဲကြီးတွေ ရလေ့ရှိတဲ့ အသင်းဆိုတဲ့ မှတ်တမ်း ထွက်ပေါ်လာပါတယ်။

ပရီးမီးယားလိဂ် ၂၇ ပွဲ ကစားပြီးချိန်မှာ ကလော့ပ်ရဲ့ အသင်းဟာ ပထမပိုင်းတွေမှာ ရလဒ် အရမ်းကြီး မကောင်းထားပါဘူး။ ဒီရာသီ ရုန်းကန်နေရတဲ့ ယူနိုက်တက်နဲ့တောင် သူမသာ ကိုယ်မသာ အခြေအနေလောက်ပဲ ရှိထားပါတယ်။

လီဗာပူးရဲ့ အဓိက အားသာချက်က ဒုတိယပိုင်းတွေမှာဖြစ်ကာ ပထမပိုင်း ရလဒ်ကောင်းတွေကို ထိန်းထားနိုင်သလို ရလဒ် မကောင်းခဲ့ရင်တောင် နိုင်ပွဲရအောင် တုန့်ပြန်ပြနိုင်စွမ်း ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ ဒုတိယပိုင်းတွေမှာ ဂိုးတွေ ပိုမိုသွင်းယူနိုင်လေ့ရှိပါတယ်။

Soccerstats ရဲ့ စစ်တမ်းတွေအရ ၁၅ မိနစ် နားချိန်အတွင်း အဝတ်လဲခန်းထဲက ကလော့ပ်ရဲ့ လုံ့ဆော်နိုင်စွမ်း၊ ဒုတိယပိုင်း လူစာရင်း အပြောင်းအလဲ၊ နည်းစနစ်ပိုင်း ပြန်ချိန်းနိုင်မှုတွေဟာ လီဗာပူးအသင်းကို ရလဒ်ကောင်းတွေရလာစေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်အလက်ဟာဆိုရင် လီဗာပူးကစားသမားတွေရဲ့ မိနစ် ၉၀ အပြည့် အာရုံစူးစိုက်မှုကောင်းခြင်းနဲ့ စိတ်ဓါတ်ပိုင်း မာကျောခြင်းတွေကို သက်သေထူနေတယ်လို့လည်း ညွှန်းဆိုသွားခဲ့ပါတယ်။