တနင်္ဂနွေနေ့ပွဲအတွက် အန်ဖီးဟာ သားရိုင်းကွင်းဖြစ်ရမယ်လို့ လီဗာပူးပရိသတ်တွေ ကြေညာချက်ထုတ်

နည်းပြကလော့ပ်က ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲအတွက် အာရုံစိုက်နေပေမယ့် လီဗာပူးပရိသတ်တွေကတော့ တနင်္ဂနွေနေ့ပွဲအပေါ်မှာ ပိုပြီး အာရုံကျနေပါတယ်။

ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ့်အသင်းကို အဆုံးအဖြတ်ဖြစ်ဖို့ရာ အဓိကကျတဲ့ ပွဲကြီးအဖြစ် တနင်္ဂနွေနေ့ အန်ဖီးမှာ လီဗာပူးအသင်းက မန်စီးတီးကို ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။ အဆိုပါပွဲ မတိုင်ခင် စနေနေ့ပွဲကို အာဆင်နယ်တို့ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ကို ယာယီ ဦးဆောင်ပါလိမ့်မယ်။

ဒီပွဲကို အင်္ဂလန်မီဒီယာတွေကတော့ ‘The Last Dance’ လို့ နာမည်ပေးလာနေပါတယ်။ ဒါဟာ ဘောလုံးလောကမှာ ဆယ်စုနှစ်ကျော်ကြာ ထိပ်တိုက်တွေ့လာခဲ့တဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာကြား ဆုဖလားတစ်ခုအတွက် နောက်ဆုံး ယှဉ်ပြိုင်မှု ဖြစ်လာနိုင်တယ်လို့လည်း ညွှန်းဆိုနေကြတယ်။

ဒီပွဲမှာ သရေရလဒ်ဆိုတာထက် အနိုင်ရမှပဲ ဖလားပြိုင်ဆိုင်သူ ၃ သင်းကြားမှာ ခေါင်းတလုံးသာမှု ဖြစ်လာမှာပါ။ လီဗာပူးပရိသတ်တွေကတော့ ဒီပွဲကြိုမှာ အသင်းဖော် ပရိသတ်တွေကို နှိုးဆွနိုင်ဖို့ရာ ကြေညာချက်တွေ စတင် ထုတ်နေကြပါပြီ။

” လာမယ့် တနင်္ဂနွေနေ့မှာ အန်ဖီးကွင်းဟာ မြင်ဖူးသမျှတွေထဲမှာ အရိုင်းအဆန်ဆုံး နေရာတစ်ခု ဖြစ်နေရပါမယ်။ ”

” တနင်္ဂနွေနေ့ပွဲမှာ အနီရောင်တွေ စုစည်းမယ်၊ ငါတို့ အင်အားနဲ့ အပြာကောင်တွေကို ခြောက်ခြားစေရမယ်။ မြင်ဖူးသမျှတွေထဲ အကျယ်လောင်ဆုံး အန်ဖီးကို အတူတကွ ဖန်တီးကြရအောင်ပါ။ ”

” ပရီးမီးယားလိဂ်ဖလား အနိုင်ရချင်ရင် မင်းတို့ ကိုယ်တိုင်ထက် အခြားသူတွေကို အားကိုးနေလို့ မရပါဘူး။ တနင်္ဂနွေနေ့ပွဲကို လာခဲ့ကြပါ။ အန်ဖီးမှာ ကိုယ်တိုင်ပဲ ပါဝင် တိုက်ခိုက်ကြပါ။ ”

” မြင်ဖူးသမျှတွေထဲ အပြင်းထန်ဆုံးသော ပွဲစဉ် တစ်ပွဲက ရှေ့မှာ ရောက်လာပါတော့မယ်။ အကျယ်လောင်ဆုံး အားပေးရမှာကို သတိမပြုမိကြဘူးဆိုရင် မင်းတို့ အိမ်မှာပဲ ခေါင်းငုံ့ပြီး နေခဲ့ကြပါ။

အသင်း ပရီးမီးယားလိဂ် ကိုင်မြှောက်နိုင်ရေး ဒါလောက်မှ မပါဝင်နိုင်ရင် မင်းက လီဗာပူးပရိသတ်တောင် မဟုတ်ပါဘူး။ ” စသဖြင့် ထုတ်ဖော် နေကြတာ ဖြစ်ပါတယ်။