လူးဝစ်ဒီယက်စ်ဟာ ပေါင်သန်း ၅၀ နဲ့ လီဗာပူးထံ ပြောင်းရွှေ့နိုင်ခဲ့ပြီးဖြစ်ကာ ကိုလံဘီယာကနေ ဒီနေ့ဒီအချိန်အထိ သူ့ရဲ့ ကစားသမားဘဝ ခရီးကို တောင်အမေရိက ဘောလုံးရေးရာကျွမ်းကျင်သူတစ်ယောက်က ကောင်းကောင်း မှတ်တမ်းတင်ပေးခဲ့ပါတယ်။
လီဗာပူးဟာ အဆိုပါ တောင်ပံကစားသမားကို စပါးရဲ့ စိတ်ဝင်စားမှု ရှိနေတဲ့ကြားက မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ပြီးနောက် စိတ်လှုပ်ရှားစရာ အင်အားဖြည့်တင်းမှုကို တရားဝင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်။ ဒီခေါ်ယူမှုဟာ ပြိုင်ပွဲလေးခုမှာ ယှဉ်ပြိုင်နေတဲ့ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် တိုက်စစ်ရွေးချယ်စရာတွေ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။
လူးဝစ် ဖာနန်ဒို ဒီယက်စ်ရဲ့ ကစားသမားဘဝဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ဒီယက်စ်ဟာ မထင်မရှား အနေအထားကနေ ကြိုးစားမှုကြောင့် တောက်ပလာသူဖြစ်ပါတယ်။
ကိုလံဘီယာကစားသမားဖြစ်တဲ့ ဒီယက်စ်ဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သလို သူ့ရဲ့ မွေးရပ်မြေဟာ နိုင်ငံအတွင်း အဆင်းရဲဆုံး ခရိုင်ထဲ ပါဝင်ပါတယ်။ တောင်ပံကစားသမားဟာ သူ့ရဲ့ ဇာတိက ကိုလံဘီယာ အစွန်အဖျား ရွာလေးတစ်ခုဖြစ်တဲ့ ဘာရန်ကက်စ်ဖြစ်ပြီး သူကိုယ်တိုင်က ဝေးယူးလူမျိုးတစ်ယောက်ဖြစ်ပါတယ်။
ဒေသတွင်း များစွာသော ကလေးတွေဟာ မသန့်ရှင်းတဲ့ ရေကြောင့် သေဆုံးမှုနှုန်းလည်း မြင့်ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ သူ့မိသားစုက ဦးစီးနေတဲ့ အသင်းတစ်သင်းအတွက် ဖုန်ထူတဲ့ ကွင်းတစ်ခုပေါ်မှာ ကစားရတဲ့ သေးသေးညှက်ညှက် ကောင်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ လူးဝစ်ဟာ ငယ်စဉ်တုန်းက သိပ်ကို ပိန်လွန်းတာကြောင့် ‘ခေါက်ဆွဲ’ ဆိုတဲ့ နာမည်ပြောင် ရခဲ့ပါတယ်။
တောင်အမေရိက ဘောလုံးဂျာနယ်လစ် ဆိုင်မွန်အက်ဒ်ဝပ်ဟာ အခုလို မယုံနိုင်စရာ တိုးတက်လာခဲ့တဲ့ ဒီယက်စ်ရဲ့ ခရီးလမ်းအကြောင်းကို အခုလို ပြောပြပေးခဲ့ပါတယ်။
“ လူးဝစ်ဒီယက်စ်ဟာ လီဗာပူးမှာ ကြီးကျယ်တဲ့အရာတွေ လုပ်ပြမယ့် ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ဘဝဇာတ်ကြောင်းကလည်း မယုံနိုင်စရာပဲ။ အရည်အချင်းရှိတာမှန်ပေမယ့် ဒီလို ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရယူနိုင်ခဲ့တာက အံ့ဩစရာကောင်းပါတယ်။
အသက် ၁၇ နှစ်အရွယ်မှာ သူဟာ လူကောင်သေးသေးလေး၊ မထင်မရှားနဲ့ သူ့ရွာထဲက ဖုန်ထူတဲ့ ကွင်းတစ်ကွင်းမှာ ကစားခဲ့ရတာပါ”လို့ ဆိုင်မွန် အက်ဒ်ဝပ်က ရေးသားခဲ့ပါတယ်။
ဒေသခံတွေရဲ့ ကိုပါအမေရိကအတွက် ကိုလံဘီယာ လူတွေ့စစ်ဆေးမှုတစ်ခုမှာ ဒီယက်စ်ဟာ အထင်ကြီးစရာ လုပ်ပြခဲ့ပြီး ကိုလံဘီယာ ဂန္တဝင် ကားလို့စ် ဗယ်ဒါရာမာ ဦးဆောင်တဲ့ ပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရတာပါ။
သူဟာ ဗယ်ဒါရာမာရဲ့ ထောက်ခံမှုနဲ့ ဘာရန်ကွီလာ အသင်းထံ ရောက်ရှိခဲ့ပြီး နောက်ပိုင်း အက်သလက်တီကို ဂျူနီယာထံ ပြောင်းရွှေ့ခဲ့ကာ ၃ နှစ်အတွင်း ဥရောပကနေ ပေါ်တိုရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ဘာရန်ကွီလာမှာတော့ ကလပ်ရဲ့ အစဉ်အလာ ဆံပင်ပုံစံကို ညှပ်ထားတဲ့ ဒီယက်စ်ရဲ့ ပုံရိပ်ကလည်း သူ့ငယ်ဘဝ ဇာတ်လမ်းကို မြင်ယောင်မိစေပါလိမ့်မယ်။
ဒီအသင်းဟာ ကိုလံဘီယာရဲ့ အစွန်အဖျား ရွာငယ်လေးက စတင်ခဲ့တဲ့ ဒီယက်စ်အတွက် မယုံနိုင်စရာ တိုးတက်လာမှုဖြစ်ပြီး ဘာရန်ကွီလာအတွက် စီနီယာပွဲဦးထွက်ပြီး ၂ နှစ်အကြာ ၂၀၁၈ မှာ သူဟာ ကိုလံဘီယာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရခဲ့ပါတယ်။
“ သူဟာ ဘာရန်ကွီလာမှာ အထင်ကြီးစရာ လုပ်ပြခဲ့ပြီးနောက် ၂၀၁၇ မှာ ဂျူနီယာအသင်းထံ ခေါ်ယူခံခဲ့ရပါတယ်။ ၂၀၁၉ မှာတော့ ပေါ်တိုနဲ့အတူ ဥရောပကို ရောက်ရှိခဲ့ပြီး အံ့အာားသင့်ဖွယ် ဂိုးတချို့ သွင်းယူခဲ့သလို မယုံနိုင်စရာ အလိမ်အခေါက် စွမ်းရည်တွေကို ပြသနိုင်ခဲ့တာပါ။ ၂၀၂၁ မှာ သူဟာ လီယွန်နယ်မက်ဆီနဲ့အတူ ကိုပါအမေရိကရဲ့ ပူးတွဲ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်” လို့ ဆိုင်မွန်အက်ဒ်ဝပ်က ဖော်ပြခဲ့တယ်။
အက်သလက်တီကို ဂျူနီယာကနေ ပေါ်တိုအသင်းကို ရောက်ကတည်းက သူ့ရဲ့ တိုးတက်မှုဟာ အံံမခန်းဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီမြေဟာ သူ့ကို ပိုကောင်းတဲ့ တိုက်စစ်သမားဖြစ်စေခဲ့တယ်။ ၂၀၂၁ ကိုပါအမေရိကမှာ ကိုလံဘီယာအသင်း တတိယဆုရခဲ့သလို သူဟာ လက်ရွေးစင်အသင်းရဲ့ ပုံမှန်ကစားသမား ဖြစ်ခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့အတူ ပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် မက်ဆီနဲ့အတူ ပူးတွဲ ရပ်တည်ခဲ့ပါတယ်။
အဲ့ဒီ့နောက် သူ့ဇာတိရွာလေးဆီ အလည်ပြန်သွားခဲ့ပြီး ‘သီးခြားကမ္ဘာတစ်ခုပေါ်မှာ နေနေတဲ့ ဘောဝိဇ္ဇာတစ်ပါး’ အဖြစ် ပေါ်တူဂီ သတင်းစာ A Bola ရဲ့ ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။ လီဗာပူးအသင်းထံ ပြောင်းရွှေ့ချိန်မှာ အနီရောင်ပရိသတ်တွေ သူ့အပေါ် ချစ်ခင်စွာ ကြိုဆိုကြတာအတွက် ပေါ်တိုအသင်း သတင်းထောက်တွေကတော့ ကျေးဇူးတင်ကြောင်းနဲ့ ကစားသမားကောင်းတစ်ယောက် ရလိုက်တာပါလို့ အာမခံကြပါသေးတယ်။
လူးဝစ်ဒီယက်စ်ရဲ့ ကစားသမားဘဝက အံ့ဩစရာကောင်းတဲ့ ဇာတ်ကြောင်းတစ်ခု ဖြစ်ခဲ့ပြီး လီဗာပူးပရိသတ်တွေ အနေနဲ့ အန်ဖီးကို သူရောက်လာတဲ့အခါ စိတ်ဓါတ်မာကျောပြီး ရိုးကျိုး နိမ့်ချတတ်တဲ့ ကစားသမားမျိုးကို မျှော်လင့်နိုင်မှာဖြစ်တယ်။ သူကိုယ်တိုင်ကလည်း ပိုပြီး အောင်မြင်တဲ့ ကစားသမားဘဝ အခန်းဆက်တွေကို ရေးသားနိုင်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။