ပလန်အတိုင်း အလုပ်ဖြစ်ရင် ဒီနွေကစလို့ လီဗာပူး ခေတ်သစ်ကို ပဲ့ကိုင်သွားမယ့် ပုဂ္ဂိုလ် (၃) ဦး

လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ နောက်ကွယ်မှာတော့ လီဗာပူးအသင်း အုပ်ချုပ်မှု ပုံစံကို ပြန်လည် ဖွဲ့စည်းဖို့ ကြိုးစားမှုတွေ လုပ်ဆောင်နေကာ ကြိုတင် ပလန်ဆွဲမှုတွေ လုပ်ဆောင်လာပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်၊ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီတို့ ထွက်ခွာတဲ့နောက်မှာ FSG ဟာ လီဗာပူး ခေတ်သစ်တစ်ခုကို ထပ်မံ ပုံဖော်သွားတော့မှာပါ။ ကစားသမား ခေါ်ယူရေးဆိုင်ရာ ကော်မတီနဲ့အတူ ထင်ရှားခဲ့တဲ့ မန်နေဂျာ + အားကစာဒါရိုက်တာ အတွဲကို အနည်းငယ် ပြောင်လဲလာဖွယ် ရှိပါတယ်။

အတည်မပြုနိုင်သေးပေမယ့် ခန့်မှန်းချက်တွေအရဆိုရင် ဒီနွေမှာ လီဗာပူးအသင်းထံ ရာထူး ၃ ခုအတွက် လူသစ် ၃ ဦး ဝင်ရောက်လာနိုင်ပါတယ်။ သူတို့တွေကတော့ Football CEO အသစ်၊ အားကစားဒါရိုက်တာအသစ်နဲ့ မန်နေဂျာအသစ်တို့ ဖြစ်ပါတယ်။

Football CEO အသစ်ဟာ အားကစားဒါရိုက်တာ ရာထူးရဲ့ အထက်မှာ ရှိပါလိမ့်မယ်။ လီဗာပူးအသင်းကို ထိန်းချုပ်ခွင့် အပြည့်အဝရှိမယ့် Football CEO အသစ်အဖြစ် မိုက်ကယ် အတ်ဝပ် ဝင်ရောက်လာမယ် ရေပန်းစားပါတယ်။

လီဗာပူးအသင်းဟာ မတ်လအကုန်မှာ အားကစားဒါရိုက်တာသစ် ခန့်အပ်မှာဖြစ်ကာ ယင်းရာထူးအတွက်တော့ ဘုန်းမောက်အသင်းမှ အသက် ၄၄ နှစ်အရွယ် Richard Hughes က ရေပန်းစားလာပါတယ်။ ၎င်းဟာ မိုက်ကယ်အတ်ဝပ်နဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။

နွေမှာတော့ နည်းပြအဖွဲ့သစ် ဝင်ရောက်လာမှာဖြစ်ကာ ဇာဗီ အလွန်ဆို ဦးဆောင်တဲ့ အဖွဲ့ဖြစ်လာဖို့ ရေပန်းစားပါတယ်။ လီဗာပူးအသင်းမှာ မန်နေဂျာနဲ့ အားကစားဒါရိုက်တာ ရာထူးအတွက် ပလန် အေတွေ မရခဲ့ရင်တောင် အခြားသော ပလန် ဘီ၊ ပလန် စီတွေလည်း ထပ်မံရှိနေသေးတယ်လို့ သိရတာ ဖြစ်ပါတယ်။