နည်းပြလောင်းတွေရဲ့ စာချုပ်ပါကြေးတွေကို စုံစမ်းခြင်း၊ ဂိုးမက်စ်ကို ရောင်းထုတ်ဖို့ ပယ်ချခဲ့ခြင်း၊ ကာဗာရိုကို အပြီးသတ် ခေါ်လိုတဲ့ ဟူးစီးတီးနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ကြားရက် ယူရိုပါလိဂ်မှာတွေ့ရမယ့် ချက်ကလပ် Sparta Prague ဟာ ဒီရာသီ ပြည်တွင်းလိဂ်မှာ ရှုံးပွဲ ၁ ပွဲပဲ ရှိထားသလို အိမ်ကွင်း ရှုံးပွဲမရှိတဲ့ အသင်းပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အလွန်ဆို၊ အာမိုရင်း၊ ဒီဇာဘီတို့ထဲက တစ်ဦးဦးကို ရွေးချယ်မှုအား ရှေ့တိုး လုပ်ဆောင်နေဆဲဖြစ်ကာ အခုချိန်ထိတော့ ကလပ်ရဲ့ လှုပ်ရှားမှုတွေဟာ မှန်းဆရခက်ခဲနေဆဲဖြစ်ပါတယ်။

ပြင်ပ သတင်းဌာနတွေက အမျိုးမျိုး ဖော်ပြနေပေမယ့် လီဗာပူးအသင်းဟာ အလွန်ဆိုအတွက် စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ကာ တရားဝင် စကားပြောမှု အခုထိ မရှိသေးပါဘူး။ အလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်နဲ့လည်း စကားပြောခြင်း မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ အလွန်ဆို၊ အာမိုရင်းတို့နည်းတူ ဒီဇာဘီရဲ့ စာချုပ်ပါကြေးကို စုံစမ်းမှု ပြုလုပ်ထားပါတယ်။

ဇန်နဝါရီစျေးကွက်မှာ စပါးအသင်းဟာ ဂိုးမက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။

ဂရာဗင်ဘက်ချ်ဟာ မတ်လ နိုင်ငံတကာ သီတင်းပတ် အပြီးလောက်မှ ဘောလုံး ပြန်ကစားနိုင်တော့မှာပါ။ သူ့ရဲ့ ဒဏ်ရာဟာ ဂရုစိုက်ရမယ့် အခြေအနေဖြစ်တာကြောင့် ကလပ်ဘက်က စွန့်စားပြီး သုံးတော့မှာ မဟုတ်ပါဘူး။

ဖောရက်စ်နဲ့ လီဗာပူးပွဲမှာ အမှားလုပ်ခဲ့လို့ ကွင်းလယ်ဒိုင် တီရာနေးကို ပွဲကြီးကြပ်ခွင့် တစ်ပွဲ ပိတ်တယ်ဆိုတာ ရာနှုန်းပြည့် မမှန်ကန်ပါဘူး။ ၎င်းဟာ အာဆင်နယ် vs ဘရန့်ဖိုဒ့်ပွဲကို ကွင်းလယ်ဒိုင်အဖြစ်ကနေ VAR ဒိုင်အဖြစ် ပြောင်းလဲ ကိုင်တွယ်မှာဖြစ်ကာ ဒါဟာ ဖိအားပေးခံနေရခြင်းကနေ ဖယ်ထုတ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ သတင်းကြီးနေတဲ့ ရစ်ချက်ဟုချ်ဟာ ဘုန်းမောက်အသင်း နည်းစနစ်ဒါရိုက်တာ ရာထူးကနေ ရာသီကုန်ရင် နှုတ်ထွက်မယ်လို့ ကြေညာလိုက်ပါပြီ။

ချန်ပီယံရှစ်ကနေ တန်းတက်လာနိုင်ခဲ့ရင် လီဗာပူး တိုက်စစ်သမား ကာဗာရိုကို အပြီးသတ် ခေါ်ယူသွားဖို့ ဟူးစီးတီးဘက်က ပြင်ဆင်ထားပါတယ်။

လီဗာပူးအသင်းက စိတ်ဝင်စားနေတဲ့ ခံစစ်မှူး ဂူဟီကို ရောင်းချဖို့ ပဲလေစ့်ဘက်က ပြင်ဆင်နေကာ အစားထိုးစရာ ခံစစ်မှူးသစ် ရှာဖွေနေပါပြီ။

နောက်ဆုံး ၁၃ ရာသီအတွင်း ၁၂ ကြိမ်မြောက်အဖြစ် ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ကွာတားအဆင့်ထံ တက်ရောက်သွားပါပြီ။ ၁၆ သင်းအဆင့်မှာ သူတို့ကို ဖြုတ်ချနိုင်ခဲ့တဲ့ တစ်သင်းတည်းသော ကလပ်က လီဗာပူး ဖြစ်ပါတယ်။

လူငယ်တိုက်စစ်သမားလေး ဂျေဆန်ဒန့်စ့်ဟာ လီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၂၀ ရရှိနေတာဖြစ်ပါတယ်။