ဘယ်အသင်း အလွယ်ဆုံးလဲ? လီဗာပူးရဲ့ လက်ကျန် အမှတ်ပေးပွဲ ၁၁ ပွဲအား မန်စီးတီး၊ အာဆင်နယ်တို့နဲ့ နှိုင်းယှဉ်ကြည့်ခြင်း

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ နောက်ဆုံးအဆင့် ကာလတွေ ရောက်ရှိလာခဲ့ပြီဖြစ်ကာ အမှတ်ပေးပွဲ ၁၁ ပွဲပဲ ကစားရဖို့ ကျန်ရှိတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်ကြားမှာ ဘယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုတာ သေချာပေါက် ပြောနိုင်ခြင်း မရှိသေးပါဘူး။ လီဗာပူးဟာ မန်စီးတီးကို ၁ မှတ်အသာ၊ အာဆင်နယ်ကို ၂ မှတ်အသာဖြင့် ဦးဆောင်ထားကာ ရမှတ်ကွာဟချက်က သိပ်ကို ကျဉ်းမြောင်းနေပါတယ်။

ဒါကြောင့် ဘယ်အသင်းက အကောင်းဆုံး ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားလဲ? လက်ကျန် ၁၁ ပွဲကို နှိုင်းယှဉ်ကြည့်မှာဖြစ်ပါတယ်။

ပွဲစဉ်တွေကို လေ့လာဖို့ရာ အုပ်စု ၃ ခု ခွဲထုတ်လိုက်ပါမယ်။ ပထမအုပ်စုက ထိပ်ဆုံး ၆ သင်းဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွဲရမယ့် အောက်ဆုံး ၆ သင်းဖြစ်ပါတယ်။ တတိယ အုပ်စုကတော့ ကြားအသင်းတွေဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ Top 6 စာရင်းဝင် ပြိုင်ဘက် ၄ သင်းနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်ကာ တန်းဆင်းဇုန်ကလပ် ၂ သင်းလည်း ပါဝင်ပါတယ်။ ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ ဝုဗ်တို့လို ကြားအသင်းတွေကို ယှဉ်ပြိုင်ရမှာက ၅ ပွဲရှိပါမယ်။ လက်ကျန်ပွဲတွေမှာ လီဗာပူးဟာ အိမ်ကွင်း ၆ ပွဲ၊ အဝေးကွင်း ၅ ပွဲ ယှဉ်ပြိုင်ရပါမယ်။

မန်စီးတီးကလည်း လီဗာပူးနဲ့တူညီစွာ Top 6 ပြိုင်ဘက် ၄ သင်း၊ တန်းဆင်းဇုန်ကလပ် ၂ သင်းနဲ့ ကြားကလပ် ၅ သင်းဖြစ်ပါတယ်။ ၎င်းတို့ကတော့ အိမ်ကွင်း ၅ ပွဲ၊ အဝေးကွင်း ၆ ပွဲဖြစ်ပါတယ်။

အာဆင်နယ်ကတော့ အိမ်ကွင်း ၆ ပွဲ၊ အဝေးကွင်း ၅ ပွဲ ကျန်ရှိရာမှာ Top 6 ပြိုင်ဘက် ၄ သင်း၊ တန်းဆင်းဇုန်ကလပ် ၃ သင်းနဲ့ ကြားကလပ် ၄ သင်းဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးကြား ကွာခြားတာက လီဗာပူးပွဲစဉ်တွေဟာ ရာသီကုန်ခါနီးလေ ပွဲပိုကြပ်လာလေပါ။ မန်စီးတီးကတော့ ရာသီကုန်လေ ပွဲပိုချောင်လေဖြစ်ပါတယ်။ ၃ သင်းထဲမှာ အာဆင်နယ်ကတော့ အနည်းငယ် ပိုချောင်တဲ့ ပွဲစဉ် ဇယားကို ပိုင်ဆိုင်ထားတယ် ဆိုနိုင်ပါတယ်။

၃ သင်းလုံးဟာ ပွဲကောင်းအများအပြား ကျန်ရှိနေပါသေးတယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားကနေ ထွက်ခွာထားရတာမို့ ပွဲကတော့ ပိုနည်းပါးနိုင်ပါတယ်။ ဥရောပပြိုင်ပွဲ အခြေအနေတွေကလည်း ကလပ် ၃ သင်းရဲ့ ပွဲစဉ်တွေကို တန်ပို ပိုတင်ပေးပါလိမ့်မယ်။

မတ်လ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ချန်ပီယံလုပွဲ အခိုက်အတန့်က ပိုအားကောင်းလာမှာဖြစ်ပြီး အဲ့အချိန်ထိ ဇယားထိပ်မှာ ရှိနေခဲ့ရင် လီဗာပူးအတွက် အခွင့်အရေး ပိုများလာမှာ ဖြစ်ပါတယ်။