

ဘိုင်ယန်မြူးနစ်က အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ ရေပန်းစားသွားပြီဆိုတဲ့ သတင်းကိုတော့ တနင်္လာနေ့မှာ စကိုင်းကနေပြီး စတင်ဖော်ပြလာခဲ့တာပါ။ ၎င်းတို့ကတော့ အလွန်ဆိုနဲ့ ဘိုင်ယန်မြူးနစ်တို့ ဆွေးနွေးမှု စတင်ခဲ့ပြီလို့ ထုတ်လွှင့်သွားခဲ့တာ ဖြစ်ပါတယ်။
အလွန်ဆိုအတွက် လေဗာကူဆင်ဘက်က စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၅-၂၅ သန်းကြား တောင်းဆိုမှာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လို့ ဂျာမာန် နာမည်ကျော် သတင်းဌာနတွေ၊ သတင်းထောက်တွေကတော့ ဘိုင်ယန်မြူးနစ်နဲ့ အလွန်ဆိုကြား အကောင်းမြင်တဲ့ အခြေအနေထံ တိုးတက်သွားပြီဆိုတဲ့ သတင်းဟာ မမှန်ပါဘူးလို့ ရက်ပိုင်းအတွင်း ပြန်လည် ဖြေရှင်းလာပါတယ်။
လီဗာပူးအသင်းဟာ နောက်ကျကျန်နေတာ မဟုတ်ဘဲ အလွန်ဆိုရဲ့ ကိုယ်စားလှယ်တွေကို ချိတ်ဆက်မှု လုပ်ထားခဲ့ပြီးပါပြီ။ လီဗာပူးဘက်က အလွန်ဆိုရဲ့ အေးဂျင့်ထံ ဆက်သွယ်ခဲ့ချိန်မှာ အေးဂျင့် Inaki Ibanez က ကမ်းလှမ်းမှုကို လေဗာကူဆင် အုပ်ချုပ်ရေးအဖွဲ့ထံ တိုက်ရိုက် လွှဲပေးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဘက်က ဆက်သွယ်ရာမှာတော့ အဲ့လောက် အခြေအနေကိုတောင် မရောက်ရှိခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ဟာ အလွန်ဆိုနဲ့ ညိနှိုင်းရခြင်း မရှိသေးသလို ညိနှိုင်းခွင့်ရဖို့ အချက်ပေးလာမှာကို စောင့်ဆိုင်းနေဆဲ အခြေအနေဖြစ်ပါတယ်။
အခုချိန်ထိတော့ လီဗာပူးအသင်းကော ဘိုင်ယန်မြူးနစ်ပါ အလွန်ဆိုနဲ့ တိုက်ရိုက် စကားပြောခွင့်လည်း မရသေးပါဘူး။ ရာသီကုန်ခါနီးထိ စကားပြောခွင့်ရတာမျိုး ဖြစ်လာဦးမှာ မဟုတ်ပါဘူး။
ဒါ့အပြင် သတင်းထွက်နေသလို ဘိုင်ယန်မြူးနစ်ကပေးမယ့် အလွန်ဆိုရဲ့ စာချုပ်ပါကြေးဆိုတာလည်း တကယ် မရှိပါဘူး။ လေဗာကူဆင်နဲ့ အလွန်ဆိုကြားမှာ စပိန်သားရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ တစ်သင်းသင်းက ကမ်းလှမ်းလာရင် နားထောင်ပေးဖို့ဆိုတဲ့ နှုတ်အားဖြင့် သဘောတူညီမှုသာ ပါဝင်ထားပါတယ်။
လေဗာကူဆင်ဟာ အလွန်ဆိုကို လက်လွတ်ရရင် ပြောင်းရွှေ့ကြေးတော့ သေချာပေါက် တောင်းမှာပါ။ ဥပမာအားဖြင့် ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်က ခေါ်ယူလိုရင် လီဗာပူးလို ဂျာမနီပြင်ပက အသင်းမျိုးထက် ပြောင်းရွှေ့ကြေး ပိုတောင်းခံရပါလိမ့်မယ်။
စကိုင်းက ဖော်ပြတဲ့ ယူရို ၂၅ သန်းဆိုတာဟာ စာချုပ်ထဲမှာ တရားဝင် ပါရှိတာမျိုးထက် လိုက်ဇစ်ကနေ နာဂယ်စမန်းအတွက် ဘိုင်ယန်မြူးနစ်တို့ ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကိုပဲ ခန့်မှန်းပြီး ဖော်ပြလာခြင်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ သောမက်စ် တူချယ်နေရာ အစားထိုးဖို့ နံပါတ် ၁ ပစ်မှတ်အဖြစ် အလွန်ဆိုကို ချိန်ရွယ်ထားတာ မှန်ကန်ပါတယ်။ လီဗာပူးအသင်းကတော့ အခုချိန်ထိ ကလပ်ရဲ့ နံပါတ် ၁ ပစ်မှတ်ကို ဖော်ပြခြင်း မရှိဘဲ နောက်ကွယ်မှာပဲ အလုပ်လုပ်နေဆဲဖြစ်ပါတယ်။