လီဗာပူးအသင်း ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်နိုင်နိုင်တဲ့ အားသာချက် တစ်ခုကတော့ နည်းပြကလော့ပ် လူစားလဲမှု ၅ ခု သုံးလာနိုင်ခြင်းကြောင့်လို့ ကာရေဂါက ထုတ်ပြောလာပါတယ်။
ဖိအားပေးစနစ်ကို အထူးလေ့ကျင့်ထားတဲ့ လီဗာပူးအသင်းဟာ ပွဲချိန်ပြည့် ကစားအား ထိန်းဖို့ရာမှာ အားနည်းချက်ရှိတဲ့အသင်းဖြစ်ပါတယ်။ အတိတ်က ဘောလုံးရာသီတွေအတွင်း ဒုတိယပိုင်းတွေမှာ လီဗာပူးအသင်းရဲ့ ကစားအားက ကျဆင်းလာလေ့ရှိသလို ဒဏ်ရာ ပြဿနာ များပြားလေ့ရှိပါတယ်။
ဒီရာသီမှာတော့ ကလော့ပ်ဟာ လူစားလဲမှု ၅ ခုကို မှန်မှန်ကန်ကန် သုံးနိုင်နေခြင်းကြောင့် ဒုတိယပိုင်း အကောင်းဆုံးအသင်းအဖြစ် လီဗာပူးကပဲ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒဏ်ရာ ပြဿနာတွေကိုတော့ ထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူး။
ကာရေဂါက ” ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့်ရထားတာကို ကလော့ပ်ထက် ဘယ်သူကမှ ပိုပြီး သဘောကျနိုင်တော့မှာ မဟုတ်ပါဘူး။
အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တာဟာ သူတို့ရဲ့ ကောင်းမွန်တဲ့ ခံစစ်ကြောင့် ဖြစ်ပါတယ်။ မန်စီးတီးကလည်း တစ်ဦးချင်းဆိုင်ရာ အကောင်းဆုံးတွေ စုဖွဲ့ထားတဲ့ အသင်းဖြစ်နေလို့ ဖလားအောင်မြင်နိုင်တယ်။
လီဗာပူးအသင်း ဖလားအောင်မြင်နိုင်တာကတော့ အရန်ခုံတန်းကြောင့်ပါပဲ။ ကလော့ပ်က သူ့ရဲ့ လူစားလဲမှု ၅ ခုလုံးကို အမြဲတမ်း အပြည့် သုံးပါတယ် ” လို့ ထင်မြင်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းရဲ့ အဓိက အားသာချက်က ဒုတိယပိုင်းတွေမှာဖြစ်ကာ ပထမပိုင်း ရလဒ်ကောင်းတွေကို ထိန်းထားနိုင်သလို ရလဒ် မကောင်းခဲ့ရင်တောင် နိုင်ပွဲရအောင် တုန့်ပြန်ပြနိုင်စွမ်း ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ ဒုတိယပိုင်းတွေမှာ ဂိုးတွေ ပိုမိုသွင်းယူနိုင်လေ့ရှိတာဖြစ်ပါတယ်။