ဒန့်စ် မပါဘဲ၊ ဆာလာနဲ့အတူ ချက်ကို ထွက်ခွာသွားတဲ့ လီဗာပူးအသင်းရဲ့ (၂၃) ဦးပါ ယူရိုပါလိဂ်လူစာရင်း

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် လီဗာပူးအသင်းဟာ ချက်ကလပ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ထွက်ခွာသွားပါပြီ။

အသင်းရဲ့ လူစာရင်းမှာ ဒီတလော ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူး ဒန့်စ် မပါခဲ့ပေမယ့် မိုလာဆာ ပြန်ပါလာခဲ့ပါတယ်။ ကောလဟာလတွေမှာ ဒဏ်ရာ ပြဿနာရှိနေကြောင်း ဖော်ပြခံနေရတဲ့ ကလယ်ဟာလည်း ပါဝင်သွားပါတယ်။

ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ အယ်လီဆန်၊ ထရန့်၊ ကာတစ်ဂျုံး၊ ဂရာဗင်ဘက်ချ်၊ ဂျိုတာတို့ကိုတော့ လူစာရင်းထဲ ပြန်မမြင်ရသေးပါဘူး။ မတ်လနိုင်ငံတကာ သီတင်းပတ်အပြီးမှာ သူတို့ထဲက ၂ ဦးလောက် ပြန်လာမယ် မျှော်လင့်ရပါတယ်။

ယူရိုပါလိဂ်အတွက် ထွက်ခွာတဲ့ လူစာရင်းတွေမှာ ပုံမှန် မြင်တွေ့ခွင့်မရထားတဲ့ မူရှောလိုစကီ၊ ကိတ်ဂေါ်ဒန်၊ လူးဝစ်ကူးမက်စ်တို့တော့ ပါဝင်လာခဲ့ပါတယ်။ သူတို့ ၃ ဦးလုံးဟာ လိဒ်စ် ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ ယူ-၂၁ အတွက် ပွဲထွက်ကစားပေးခဲ့သူတွေဖြစ်ပါတယ်။

နယ်လို၊ နိုင်ယွန်နီတို့ အသင်းနဲ့အတူ လေ့ကျင့်ရေး ဝင်ခဲ့ပေမယ့် ချက်ခရီးစဉ်မှာ လိုက်ပါရခြင်း မရှိပါဘူး။ လူငယ် ဂိုးသမား ၃ ဦးလောက် လေ့ကျင့်ရေးမှာ မြင်ရပေမယ့် မရိုးဇက် တစ်ဦးပဲ လိုက်ပါခွင့်ရခဲ့ပါတယ်။

လီဗာပူးလူစာရင်းဟာ ခံစစ်နဲ့ တိုက်စစ်မှာ တောင့်တင်းမှု ရှိပေမယ့် ကွင်းလယ်ကတော့ အနည်းငယ် အားပျော့နေဆဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ၂၃ ဦးပါ လူစာရင်း

ဂိုးသမား – ကလယ်ဟာ၊ အတ်ဒရီယန်၊ မရိုးဇက်။

ခံစစ် – ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်၊ ကွမ်းဆက်၊ ရော်ဘတ်ဆန်၊ ဘရတ်ဒလေ၊ ကိုစတက်။

ကွင်းလယ် – မာကာ၊ အန်ဒို၊ ဟာဗေး၊ ကလက်၊ မက်ကော်နယ်၊ ဆိုဘိုစလိုင်။

တိုက်စစ် – ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်၊ ဂက်ပို၊ ဂေါ်ဒန်၊ မူရှောလိုစကီး၊ ကူးမက်စ်။