ကိုဗစ်ကာလအလွန် လီဗာပူးအသင်းဟာ ဘဏ္ဍာရေးထိခိုက်မှုကနေ စတင် ရုန်းထွက်လာနိုင်နေပြီဖြစ်သလို အုပ်ချုပ်မှုပိုင်း တာဝန်ရှိသူတွေဟာ အသင်းလိုအပ်တဲ့ စီးပွားရေးပိုင်း ပါတနာသစ်တွေကို ရှာဖွေပေးလာနိုင်ပြီ ဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ commercial ဝင်ငွေတွေ ထွက်ပေါ်လာရာမှာ လီဗာပူးအသင်းဟာ ယခင်နှစ်ကထက် ပေါင် ၂၅ သန်း ပိုများလာခဲ့ပြီး ပေါင် ၂၇၂ သန်းထိ တိုးတက် ရောက်ရှိလာခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးအသင်းဟာ ရုပ်သံနဲ့ အခြားသော မီဒီယာပိုင်းတွေက ရတဲ့ ဝင်ငွေထက် commercial ကြောင့်ရတဲ့ ဝင်ငွေ ပိုများတဲ့ ကလပ်တွေထဲ စတင် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
၅ နှစ်အတွင်းမှာ လီဗာပူးအသင်းရဲ့ commercial ဝင်ငွေဟာ နှစ်ဆလောက် တိုးတက်လာပေမယ့် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး (ပေါင် ၃၄၁ သန်း) ၊ ယူနိုက်တက် (ပေါင် ၃၀၃ သန်း) ကို လိုက်မှီဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
ဒါပေမယ့်လို့ ဒီ ၅ နှစ်အတွင်းမှာ လီဗာပူးအသင်းဟာ ကမ္ဘာလုံးဆိုင်ရာစျေးကွက်ကို စတင် ထိုးဖောက်လာနိုင်နေတယ်။ လီဗာပူးအသင်းရဲ့ commercial director ဘန်လက်တီကတော့ အခုမှ ကနဦးအစပဲရှိသေးပြီး အသင်း ဒီထက် ပိုတိုးတက်လာမယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးအသင်းအနေနဲ့ ပြိုင်ဘက်တွေရဲ့ commercial တိုးတက်လာမှုကို အမှီလိုက်နေရချိန်မှာ ကွင်းတွင်း စွမ်းဆောင်ရည်တွေကိုလည်း ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဘောလုံးဆိုင်ရာ အောင်မြင်မှုနဲ့ commercial အောင်မြင်မှုဟာ တိုက်ရိုက် အချိုးကျနေတာပါ။
လွန်ခဲ့တဲ့ ၈ လအတွင်းမှာပဲ လီဗာပူးအသင်း blue-chip ကုမ္ပဏီကြီး ၄ ခုဖြစ်တဲ့ Google Pixel, Peloton, UPS, Orion Innovation တို့နဲ့ လက်တွဲခဲ့ပြီး ဒါဟာ ပေါင် ၄၅ သန်းအထက် တန်ကြေးရှိမယ့် commercial ပူးပေါင်းမှုတွေဖြစ်ပါတယ်။
ဒီဇင်ဘာတုန်းကလည်း ဒိန်းမတ် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Carlsberg နဲ့လည်း နောက်ထပ် ၁၀ နှစ်အတွက် ဆက်လက် လက်တွဲဖို့ သဘောတူညီမှု ရထားပါတယ်။ ကလပ်ရဲ့ ဂျာစီ ရောင်းအားတွေကြောင့် ၂၀၂၅ ခုနှစ် နောက်ပိုင်းမှာ Nike နဲ့ ဆက်လက် လက်တွဲဖို့ပါ မျှော်လင့်ရတာ ဖြစ်ပါတယ်။