လီဗာပူးက နောဝစ်ချ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ကာရာဘောင်းပွဲမှာတုန်းက လီဗာပူးအသင်း စီနီယာအဆင့် ပွဲဦးထွက် ကစားခွင့်ရခဲ့တဲ့ လူငယ် ကစားသမား သုံးယောက်ထဲမှာ နာမည် မထင်ရှားဆုံးဖြစ်ပေမယ့် အထင်ကြီးစရာအကောင်းဆုံး လူငယ်ကစားသမား ဖြစ်ခဲ့သူက တိုင်လာ မော်တန်ပဲ ဖြစ်ပါလိမ့်မယ်။
အဆိုပါပွဲမှာ ကော်နာ ဘရက်ဒလေက ၁၉၅၄ နောက်ပိုင်း လီဗာပူးအတွက် ကစားပေးရတဲ့ ပထမဆုံး မြောက်အိုင်းရစ်သား ဖြစ်လာခဲ့ပြီး ကိုင်ဒီ ဂေါ်ဒန်ကတော့ ဟိုဗားကို ကျော်ဖြတ်ကာ ကလပ်သမိုင်းမှာ ၅ ယောက်မြောက် အငယ်ဆုံး ပွဲထွက်ခွင့်ရ ကစားသမား ဖြစ်လာခဲ့တာပါ။
မော်တန်ကတော့ အဆိုပါပွဲရဲ့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့သူဖြစ်ပြီး ပွဲကို ပြောင်းလဲပေးနိုင်စွမ်းကြောင့် ယာဂင်ကလော့ပ် ကိုယ်တိုင် အပါအဝင် ပရိသတ်များစွာရဲ့ ချီးကျူးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူး အသင်းကြီးရဲ့ အသင်းသားတစ်ဦးအဖြစ် တောက်ပတဲ့ အနာဂတ် ရှိနေသူလည်း ဖြစ်ပါတယ်။
ဒါဆို အဲ့ဒီ့ ၁၈ နှစ်အရွယ် ကောင်လေးက ဘယ်သူလဲ? ဒီကောင်လေးဆီကနေ အနာဂတ်မှာ ကျွန်တော်တို့ ဘာတွေ မျှော်လင့်နိုင်မလဲ? ကျနော်တို့ နည်းနည်းလေး အချိန်ပေး လေ့လာကြည့်ရအောင်ပါ။
တိုင်လာ မော်တန်ဆိုတာ ဘယ်သူလဲ?
မော်တန်ဟာ ၇ နှစ်အရွယ်ကတည်းက လီဗာပူးကို ရောက်ရှိခဲ့တဲ့ ကလပ် အကယ်ဒမီအသင်းသား ဖြစ်ပါတယ်။ တိုက်ပွဲဝင်ဖို့ အသင့်ရှိနေတတ်တဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး သူဟာ တိုက်စစ်ပိုင်း ပိုမိုပါဝင်ရတဲ့ ကွင်းလယ် နေရာတစ်ခုမှာ အကောင်းဆုံး ကစားနိုင်သလို နံပါတ် ၆ နေရာကိုလည်း ပိုင်နိုင်သူ ဖြစ်ပါတယ်။
လူငယ်ကစားသမားဟာ ကလေးဘဝမှာ မြို့ခံကလပ် Greenleas FC အတွက် ကစားပေးခဲ့ပြီးတော့ အဆိုပါ ကလပ်ဟာဆိုရင် နောက်ထပ် လီဗာပူး အကယ်ဒမီထွက် ဂျေ စပီးယားရင်းကို မွေးထုတ်ပေးခဲ့တဲ့အတွက် နာမည်ကြီးတာ ဖြစ်ပါတယ်။ လီဗာပူး ယူ-၂၃ မှာ လက်ရှိ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး မက်စ် ဝေါ့တ်မန်းဟာလည်း Greenleas အသင်းမှာ မော်တန်ရဲ့ အသင်းဖော် ဖြစ်ခဲ့ဖူးပါတယ်။
မော်တန်ဟာ ၂၀၁၉-၂၀၂၀ တစ်ရာသီလုံး ယူ-၁၈ မှာ ပုံမှန်ကစားခဲ့ရပြီးတော့ မနှစ်က ယူ-၂၃ အတွက် ပွဲဦးထွက်ခဲ့ပြီးနောက်မှာ ဘယ်ရီလွီတက်ရဲ့ လီဗာပူး အရန်အသင်းအတွက် ပထမဦးစားပေး ပွဲထွက်ခွင့်ရသူ ဖြစ်လာပါတယ်။ ယူ-၁၉ အသင်းက ဒီရာသီ ဥရောပ လူငယ်လိဂ်မှာ ကစားနေတာနဲ့အတူ မော်တန်ဟာ ယူ -၁၉ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း ပါဝင်ကစားပေးနေတာပါ။
သူဟာ ပွဲနေ့တွေတိုင်း အန်ဖီးမှာ စီနီယာအသင်းပွဲကို ပုံမှန်လာကြည့်တတ်သလို သူ၊ သူ့ဖခင်နဲ့ သူ့အကိုတို့က Anfield Road မှာ တစ်ရာသီစာ လက်မှတ်ဝယ်ပြီး အားပေးကြတဲ့ အမာခံပရိသတ်တွေ ဖြစ်ပါတယ်။
အကယ်ဒမီမှာ သူဘယ်လို စွမ်းဆောင်ခဲ့သလဲ
“ကျွန်တော်က တိုက်စစ်ရော ခံစစ်ကိုပါ ပံ့ပိုးပေးရတဲ့ box to box ကွင်းလယ်နဲ့ ပိုတူပါတယ်။ ကျွန်တော်က ဖျက်ထုတ်ရတာကို ကြိုက်တယ်။ ကျွန်တော် ဖျက်ထုတ်တာ မြင်ရင် လူတွေက အမြဲတမ်း ကြောက်လန့်တတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်က မကြာခဏ အဲ့လိုတွေ လုပ်တာပဲ။ ကျွန်တော်က ပလေးမိတ်ကာ တစ်ယောက်ပဲ မဟုတ်ပါဘူး။ အရာအားလုံးကို ကျွန်တော် လိုက်လုပ်နိုင်တယ်လို့ တွေးရတာကို ကြိုက်တယ်”လို့ မာတန်က ဇန်နဝါရီတုန်းက ပြောကြားခဲ့ပါတယ်။
လူငယ်တစ်ယောက်အနေနဲ့ သူ့အိုင်ဒေါက စတီဗင်ဂျရတ် ဖြစ်ခဲ့ပြီး အခုချိန်မှာ သီယာဂို အယ်ကန်တာရာဆီကနေ သင်ယူလေ့လာနေတာပါ။ ဂျရတ်ရော သီယာဂိုရော နှစ်ယောက်လုံးက မော်တန်ကို အကယ်ဒမီအဆင့်တွေမှာ ထူးချွန်သူ ဖြစ်လာအောင် မြင်ဆရာအဖြစ် ကူညီပေးခဲ့ကြတာပါ။
၂၀၁၉-၂၀၂၀ မှာ သူဟာ လူငယ်အဆင့်အတွက် ၁၆ ပွဲမှာ ၃ ဂိုးသွင်း၊ ၅ ကြိမ် ဖန်တီးခဲ့ပြီး ၂၀၂၀-၂၁ မှာ ပိုတိုးတက်လာကာ ၂၅ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
ဘောလုံး မရှိချိန်မှာတောင် တက်တက်ကြွကြွ ကစားတတ်သလို ကွင်းလယ်မှာ သူ့ရဲ့ ချိတ်ဆက်ကစားနိုင်စွမ်းက သိပ်ကောင်းတဲ့အပြင် တည်ကန်ဘောတွေမှာ သူ့ရဲ့ အရည်အသွေးက လိုက်တန် ကလက်ဆန်နဲ့ ဂျိတ်ကိန်းတို့ ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့တာပါ။
သူ့အကြောင်း ကလော့ပ်က ဘာပြောခဲ့လဲ
မော်တန်ဟာ ဩစတြီးယား ရာသီကြိုခရီးအတွက် လီဗာပူး အသင်းလူစာရင်းမှာ ပါဝင်ခဲ့ချိန် နည်းပြ ကလော့ပ်အနေနဲ့ သူ့ကို အနီးကပ် မြင်တွေ့နိုင်ခဲ့တာပါ။ ရာသီကြိုအပြီး ယူ-၂၃ ကို ပြန်လာခဲ့ပေမယ့် စီနီယာလေ့ကျင့်ရေးအတွက် ကလော့ပ်ဟာ သူ့ကို အကြိမ်များစွာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ လီဗာပူးစီနီယာကစားသမားဘဝ ပထမဆုံး ပွဲဦးထွက်အဖြစ် နံပါတ် ၆ နေရာအတွက် ကိတ်တာအစား ဝင်ကစားခဲ့တဲ့ မော်တန်ရဲ့ စွမ်းဆောင်ရည်ကို ကလော့ပ်က အခုလို ချီးကျူးခဲ့ဖူးပါတယ်။
“တိုင်လာက လူစားဝင်လာခဲ့ပြီးတော့ တကယ်ကို အဲ့ဒီ့နေရာမှာ ကောင်းကောင်းကစားခဲ့ပါတယ်။ ရိုးရှင်းတဲ့ ပေးပို့မှုတွေဆိုပေမယ့် ကောင်းတယ်၊ ယုံကြည်မှု အရမ်းရှိတယ်။ အဲ့ဒါမျိုးကို ကျွန်တော်ကြိုက်ပါတယ်။
တကယ်တော့ တိုင်လာက ကျွန်တော်တို့ကို ကစားပုံ ပြန်လည်ချိတ်ဆက်နိုင်ဖို့ အခွင့်အရေးပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက ရိုးရိုးလေးပဲ ကစားခဲ့ပြီးတော့ မှန်ကန်တဲ့ နေရာတွေဆီ ဘောလုံးကို ပေးပို့ခဲ့ကာ လိုအပ်တဲ့ ခုခံကာကွယ်မှုတွေလည်း လုပ်ခဲ့တယ်”လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။
နောက်ထပ် ဘာတွေ ဖြစ်လာမလဲ
လီဗာပူးက ကွင်းလယ်မှာ အင်အားလုံလောက်ပြီးသား ဖြစ်တာနဲ့အတူ မော်တန်အနေနဲ့ စီနီယာအသင်းအတွက် အခုချိန်မှာ ပုံမှန်ကစားခွင့်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သီယာဂိုရဲ့ ခြေသလုံးကြွက်သား ဒဏ်ရာ မရေရာမှုနဲ့ ဟာဗေး အဲလီယက်ရဲ့ ကာလရှည် အနားယူရနိုင်ခြေကြောင့် မော်တန်အတွက် အထင်ကြီးစရာလုပ်ပြဖို့ အခွင့်အရေးတွေက ပိုပြီး တိုးတက်လာခဲ့ပါတယ်။
လိဂ်ဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ပရက်စတန်နဲ့ ထိပ်တိုက်တွေ့ချိန်မှာ ကိတ်တာ၊ သီယာဂို၊ အယ်လီးယော့၊ ဖာဘင်ညို၊ မီလ်နာတို့ ကစားနိုင်ခြင်း မရှိတာကြောင့် မော်တန်အနေနဲ့ အနည်းဆုံး နောက်ထပ်တစ်ပွဲ ပွဲထွက်ခွင့် ရနိုင်ပါတယ်။