NEWS: အလွန်ဆိုအပေါ် လေးစားမှုကြောင့် ဘိုင်ယန်မြူးနစ်လို ချဉ်းကပ်မှာ မဟုတ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်နေရာ အစားထိုးရေး ကလပ်ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် အလွန်ဆိုကို ထည့်သွင်းထားဆဲဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်လို အလျင်စလို ချဉ်းကပ်မှုမျိုး မရှိသေးပါဘူး။

ဘိုင်ယန်မြူးနစ်ထက် ကာလတစ်ခု ပိုပြီး အချိန်ရခဲ့ပေမယ့် လက်ရှိမှာ ဘိုင်ယန်မြူးနစ်ဟာ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ ပိုမို ရေပန်းစားနေပါတယ်။ ဒါပေမယ့် လီဗာပူးဘက်က အလွန်ဆိုနဲ့ လေဗာကူဆင်ကို လေးစားမှုထားမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ဖိအားပေးဖွယ် မရှိသေးပါဘူး။

သတင်းထောက် Andy Hunter က ထုတ်ဖော်ရာမှာ ” လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ ဦးစားပေး နည်းပြအဖြစ် အလွန်ဆိုကို ရွေးချယ်ထားဆဲပါ။

သို့ပေမယ့် လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါဖလားရဖို့ အပြိုင်ဖိုက်နေရတဲ့ အလွန်ဆိုနဲ့ လေဗာကူဆင်အပေါ် လေးစားမှုထားမှာပါ။ ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ဖလားလုနေရတဲ့ ကွင်းလယ်လူဟောင်းကို စိတ်အနှောက်အယှက် ဖြစ်စေမယ့် ရာသီမသိမ်းခင် လူသိထင်ရှား ချဉ်းကပ်တာမျိုး ပြုလုပ်မှာ မဟုတ်ပါဘူး။ ” လို့ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်လီဂါဖလား အပြိုင်လုနေရတဲ့ကြားက အလွန်ဆိုကို အသည်းအသန် ချိတ်ဆက်နေတာ အကြောင်းရင်း (၂) ချက်ရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။

ပထမအချက်ကတော့ သူတို့ဟာ ဖလားပြိုင်ဘက် လေဗာကူဆင်အသင်း မတည်မငြိမ်ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ ဖလားလုနေချိန် ပြိုင်ဘက်နည်းပြကို တောက်လျှောက် လိုက်ကပ်နေခြင်းဟာ ဝေဖန်စရာ ကိစ္စမျိး ဖြစ်ပါတယ်။

နောက်အချက်ကတော့ ဒီလို လုပ်ဆောင်ခြင်းဟာ ဖလားပြိုင်ဘက်ကို စိတ်ရှုပ်ထွေးစေသလို လီဗာပူးထက်လည်း လက်ဦးမှု ရစေမယ်လို့ ဘိုင်ယန်ဘက်က ယုံကြည်နေပါတယ်။

အလွန်ဆိုဘက်ကတော့ သဘောထား မပြောင်းလဲသေးပါဘူး။ သူဟာ အနာဂတ်ကို ရာသီကုန်မှ စဉ်းစားမှာဖြစ်ပြီး လေဗာကူဆင်ကနေ သေချာပေါက် ထွက်ခွာမယ်လို့ ကတိမပေးထားဘဲ နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို လေဗာကူဆင်နဲ့အတူ ယှဉ်ပြိုင်ဖို့လည်း ရွေးချယ်နိုင်ပါတယ်။

အလွန်ဆို၊ အာမိုရင်းတို့ကြား ဘယ်သူ့ကို ရွေးမလဲ နည်းပြကိစ္စဟာ ရာသီသိမ်းပိုင်းမှ အရှိန်တင်လာရမယ့် ကိစ္စဖြစ်ကာ လီဗာပူးဘက်က ကလပ်ရဲ့ အကြီးတန်းအရာရှိနဲ့ အားကစားဒါရိုက်တာ ၂ နေရာကို အားဖြည့်ဖို့ အရင်ဆုံး အားထုတ်မှာ ဖြစ်ပါတယ်။